DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီတွေ ၀ယ်ရခက်ပြီး စျေးထပ်မံမြင့်တက်လာ
DVB
·
May 27, 2022
စက်သုံးဆီတွေ ၀ယ်ရခက်ပြီး စျေးထပ်မံမြင့်တက်လာ
Donate to DVB

ပြည်တွင်းမှာ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနဲ့  ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး ဆောင်ရွက်နေတယ်လို့ စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆိုထားပေမဲ့ လတ်တလော စျေးကွက်အတွင်းမှာတော့ စက်သုံးဆီတွေ ၀ယ်ရခက်ပြီး စျေးထပ်မံ မြင့်တက်လာပါတယ်။

ဒီနေ့ မေလ ၂၇ရက်မှာ ကော်မတီရဲ့ လက်လီစျေးနှုန်းသတ်မှတ်ချက်အရ ၉၂ တစ်လီတာကျပ် ၂၁၂၅ ကျပ်၊ ၉၅ တစ်လီတာကို  ၂၂၄၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို  ကျပ် ၂၂၅၀ ကျပ်၊  ရိုးရိုးဒီဇယ်တစ်လီတာကို  ၂၂၂၀ ကျပ် ကိုရောက်နေပြီး၊ မနေ့ကဖြစ်ခဲ့တဲ့ စျေးနှုန်းနဲ့ယှဥ်ရင်  ၉၂ နဲ့ ၉၅ က တစ်လီတာကို  ၄၅ ကျပ်စီ မြင့်တက်လာကာ ဒီဇယ်စျေးနှုန်းတွေက တစ်လီတာကို ကျပ် ၃၀ စီ ထပ်မံမြင့်တက်လာပါတယ်။

စက်သုံးဆီစျေးတွေ ထပ်မံမြင့်တက်လာပေမဲ့ မြေပြင်စျေးကွက်အတွင်းမှာ ၀ယ်ယူရခက်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ 

“စျေးပဲရှိပါတယ်။ ၀ယ်လည်း မရပါဘူး။ 92 နဲ့ 95 ၀ယ်မရတာကြာပြီး၊ နယ်ကဆိုင်တွေဆိုလည်း ပိတ်ထားရတယ်”လို့ စက်သုံးဆီ လက်လီအရောင်းဆိုင်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။ 

စက်သုံးဆီသင်္ဘောတွေ အဆက်မပြတ်ဝင်ရောက်နေပြီး Terminal တွေကနေ အဆက်မပြတ် ထုတ်ပေးနေတယ်လို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်း MPTA က  ထုတ်ပြန်အသိပေးထားပေမဲ့ လက်တွေ့ မြေပြင်မှာ ၀ယ်ရခက်တဲ့ အခြေအနေတွေ ဖြစ်နေတာပါ။

“၀ယ်ရခက်တယ်။ ကျနော် အတော်ရှာ၀ယ်ထားရတာ၊ တချို့ဆိုင်ကြီးတွေမှာပဲ ၀ယ်လို့ရတယ်။ ဆိုင်တိုင်း ၀ယ်မရဘူး။ ဆိုင်ကြီးတွေရှေ့ ကားတွေ တန်းစီနေပြီဆိုရင် အဲဆိုင် ဆီရှိလို့ပဲ။ မဟုတ်ရင်တော့ ဆီမရှိဘူး” လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ကြီးကြပ်မှုနဲ့ လိုင်စင်ရှိ အသေးစား၊ အလတ်စား SME စက်သုံးဆီဆိုင်တွေကို ခွဲတမ်းစနစ်နဲ့ ရောင်းချပေးနေပေမဲ့လည်း စျေးကွက်မှာ အခုလို ၀ယ်ရခက်တဲ့ အခြေအနေ ဖြစ်နေတာပါ။

ဒီနေ့မှာ တတိယအကြိမ် စက်သုံးဆီ ၀ယ်ယူခွင့်ရရှိတဲ့ SME စက်သုံးဆီဆိုင် စာရင်းကို  စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရေးအသင်းက   ထပ်မံ ထုတ်ပြန်ထားပါတယ်။

မေလ ၂၆ ရက်အထိ တင်ပြလျှောက်ထားလာတဲ့ စက်သုံးဆီဆိုင် ၄၄၉ ဆိုင်ကို PPRD ရဲ့ မေလ ၂၇ ရက်သတ်မှတ် လက်ကားရည်ညွှန်းစျေးအတိုင်း ၀ယ်ယူခွင့်ပြုမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

၀ယ်ယူခွင့်ရရှိတဲ့ ဆိုင်တွေအနေနဲ့ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် တင်ပြဖို့လိုအပ်ပြီး၊ PPRD ကထုတ်ပြန်တဲ့ ရည်ညွှန်းလက်လီ စျေးနှုန်းနဲ့သာ ရောင်းချရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပြည်တွင်းစျေးကွက်မှာ စက်သုံးဆီ ပြတ်လပ်ခဲ့ပြီး ၉၂ တစ်လီတာကို  ၂၂၁၀ ကျပ် ၊၉၅ တစ်လီတာကို ၂၃၂၅ ကျပ်ထိ မြင့်တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်အပြီးကာလမှာလည်း နိုင်ငံတစ်၀န်း စက်သုံးဆီဆိုင်တွေမှာ  ပမာဏအကန့်အသတ်နဲ့ တန်းစီစောင့်ဆိုင်း ၀ယ်ယူရမှုတွေ ဖြစ်ခဲ့ပါတယ်။

လောင်စာဆီစျေး မြင့်တက်လာမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးက တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုနဲ့ ကုန်ဈေးနှုန်းကျဆင်းမှုကို ထိခိုက်စေပါတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်စက မြင့်တက်ပြီး အထွေထွေကုန်စျေးနှုန်းတွေ ကြီးမြင့်လာတာက  အခြေခံလူတန်းစားတွေအပေါ် နေ့စဥ်နဲ့အမျှ ဖိစီးရိုတ်ခတ်နေပြီး လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မီးစက်မောင်းနှင်လည်ပတ်နေရတဲ့ စီးပွားလုပ်ငန်းတွေမှာလည်း အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013