DVB Logo
Home
မြန်မာသတင်း
မော်စကို-ရန်ကုန် ကုန်စည်သယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ် ပြေးဆွဲရန် စီစဉ်နေ
DVB
·
May 27, 2022
မော်စကို-ရန်ကုန် ကုန်စည်သယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ် ပြေးဆွဲရန် စီစဉ်နေ
Donate to DVB

ရုရှား-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် မော်စကိုမြို့နဲ့ ရန်ကုန်မြို့ အကြား ကုန်စည်သယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ်ကို  Myanmar Airways International(MAI) လေကြောင်းလိုင်းကနေ ပြေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေးသတင်းအရ သိရပါတယ်။

နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းရေးအစီအစဉ်နဲ့ပတ်သက်ပြီး ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနဲ့ ဖက်ဒရယ်လေကြောင်းလိုင်း သယ်ယူပို့ဆောင်ရေးအေဂျင်စီ အကြီးအကဲ အလက်ဇန္ဒားနာရဒ်ကိုတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အဆိုပါရလဒ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရုရှားနိုင်ငံနဲ့ လေကြောင်းပြေးဆွဲနိုင်ဖို့ မြန်မာသံအမတ်ကြီးနဲ့ ရုရှားဖယ်ဒရေးရှင်းအဖွဲ့ စကားပြောဆိုနေတာတွေပြီး ပြေးဆွဲမယ့်အချိန် အတိအကျတော့ မသိသေးပေမဲ့ အတတ်နိုင်ဆုံး အမြန်ဆုံးဖြစ်အောင် ကြိုးစားနေတယ်လို့ဆိုပါတယ်။

ကနဦးအနေနဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းလိုင်းပြေးဆွဲမယ်ဆိုရင် နိုင်ငံတော်ရဲ့ ထွက်ကုန်ပစ္စည်းမျိုးစုံအတွက် စျေးကွက် တခု ရရှိသွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက ဆိုပါတယ်။

ဒါပေမဲ့ ရုရှား-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေးက အလှမ်းဝေးတာကြောင့် မြန်မာပို့ကုန်တွေအဖို့ အခက်အခဲ ရှိနိုင်တယ်လို့ သုံးသပ်မှုတချို့ ရှိပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက “သူတို့က ဆန်စားတဲ့သူ မဟုတ်လို့ ဒီက ပို့ကုန်တွေအတွက်က အခက်အခဲရှိမယ် ထင်တယ်။ ပြီးတော့လည်း သယ်ယူပို့ဆောင်ရေးက အလှမ်းဝေးတာကြောင့် ကိုယ့်ဆီကပစ္စည်း၊ သူ့ဆီကပစ္စည်း တင်ပို့တဲ့အခါ ကုန်သွယ်မှုစရိတ်က များနိုင်တယ်နော်။ အခုတောင် သင်္ဘောတင်ကွန်တိန်နာခတွေက စျေးတက်လို့ ကုန်သည်တွေ အဆင်မပြေရတဲ့အထဲမှာ လေယာဉ်နဲ့တင်ဖို့ ဆိုတာက ဖြစ်နိုင်ပါ့မလား။ တကယ်လို့ သူတို့ဆီက ထွက်တဲ့ ရေနံတို့ စက်သုံးဆီတို့က မြန်မာပြည်အရောက် စျေးသက်သက်သာသာနဲ့ ရောက်နိုင်ရင်တော့ တမျိုးပေါ့။ ဒီလိုမှ မဟုတ်ရင်တော့ အဆင်မပြေနိုင်ဘူး”လို့ ပြောပါတယ်။

စီးပွားရေးသုတေသတီတဦးကတော့ “ကုန်သွယ်ရေးမှာ မြန်မာပြည်အနေနဲ့ အဓိကအားထားရတာ တရုတ်နဲ့အာဆီယံပဲ ရှိတာလေ။ ဘာလို့လဲဆို သူတို့က တင်ပို့ရတာ နီးလည်းနီးတယ်။ စျေးကွက်ကလည်း ကြီးတယ်။ ရုရှားက မြန်မာအတွက် ကုန်သွယ်မှုမှာ အဲ့လောက် အရေးမပါဘူးနော်။ ကမ္ဘာမှာ ရုရှား နာမည်ကြီးတာက လက်နက်ရောင်းချတာနဲ့ ရေနံပဲရှိတာ။ သူ့နိုင်ငံရဲ့ ဂျီဒီပီကိုကြည့်ရင် စွမ်းအင်ကဏ္ဍပဲ အဓိကတွေ့ရတာ။ ဒီတော့ သူတို့ လာလုပ်မယ်ဆိုရင်လည်း သယံဇာတတူးဖော်ရေးမှာပဲ လာလုပ်ကြလိမ့်မယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၂၂ ခုနှစ် ဧပြီလ ၃ဝရက်အထိ မြန်မာနိုင်ငံမှာ နိုင်ငံအလိုက် ပြည်ပရင်းနှီးမြှုပ်နှံမှုစာရင်းမှာ ရုရှားနိုင်ငံက အဆင့် ၂၂ မှာရှိပြီး ရင်းနှီးမြှုပ်နှံမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၉၄ သန်းသာ ရှိကာ ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၁၀ ရာခိုင်နှုန်းသာ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013