DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ်ရှိ NUG လက်အောက်ခံ ၁၀၀၈ တပ်ရင်း ဌာနချုပ်စခန်းနေရာ ရွှေ့ပြောင်း
DVB
·
May 27, 2022
ဖယ်ခုံမြို့နယ်ရှိ NUG လက်အောက်ခံ ၁၀၀၈ တပ်ရင်း ဌာနချုပ်စခန်းနေရာ ရွှေ့ပြောင်း
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အင်းအရှေ့ဘက်ကမ်း၊ လွယ်ပေါကျေးရွာအုပ်စုမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လက်အောက်ခံ တပ်ရင်းတခုဖြစ်တဲ့ အမှတ်- ၁၀၀၈ တပ်ရင်းဟာ ဌာနချုပ်စခန်း အပါအဝင် စခန်း ၃ ခု နေရာရွှေ့ပြောင်းခဲ့ရပါတယ်။

ဖယ်ခုံအရှေ့ဘက်ကမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်တွေအကြား  တိုက်ပွဲတွေဖြစ်ပွားနေတာ  ၁၁ ရက်ကြာရှိလာချိန်မှာ အခုလို စခန်းနေရာ ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ 

အမှတ်- ၁၀၀၈ တပ်ရင်း (ရှမ်းပြည်တောင်ပိုင်း) ရဲ့ မေ ၂၇ ရက် ထုတ်ပြန်ချက်မှာတော့ ယခုလက်ရှိဖြစ်ပွါးနေတဲ့ ဖယ်ခုံအရှေ့ဘက်ကမ်းတိုက်ပွဲဟာ ၁၁ ရက်တာ ကြာမြင့်နေပြီဖြစ်ပြီး စတင်ဖြစ်ပွားစဉ်ကတည်းက စစ်တပ်ဟာ အင်အားအလုံးရင်းနဲ့ လက်နက်ကြီး၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ထိုးစစ်ဆင်ခဲ့တယ်။ မိမိတို့တပ်ရင်း အနေနဲ့ လက်နက်တပ်ဆင်မှု မပြည့်စုံသေးချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဌာနချုပ်စခန်း အပါအဝင် စခန်းသုံးခုကို ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မိမိတို့တပ်ရင်းအတွက် NUG- MOD က လက်နက်တပ်ဆင်ပေးမှုကို ကြိုးစားနေဆဲဖြစ်တာကြောင့် ကိုယ်ထူကိုယ်ထလက်နက်တွေနဲ့ ရွပ်ရွပ် ချွံချွံ တိုက်ပွဲဝင်နေပြီး မိမိတို့ဆုံးရှုံးမှုမှာ အရမ်းတန်ဖိုးကြီးလှပေမဲ့  စိတ်ဓာတ်အနေအထားကတော့ မြင့်တက်ဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမှတ်- ၁၀၀၈ တပ်ရင်းနဲ့ နီးစပ်သူတယောက်က “စစ်တပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့ စခန်းတွေ ဆုံးရှုံးရတာ မဟုတ်ဘူး။ PDF စခန်းတွေက တောတောင်တွေထဲမှာ ရှိပေမဲ့ စစ်တပ်က ကျေးရွာတွေထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးနေလို့ ပြည်သူတွေ ဆက်နစ်နာမှာ စိုးရိမ်လို့ စခန်းနေရာတွေကို ဖယ်ပေးလိုက်တာ” လို့ ပြောပါတယ်။

အမှတ်- ၁၀၀၈ တပ်ရင်း (ရှမ်းပြည်တောင်ပိုင်း) ကို ရှမ်းပြည်နယ်တောင်ပိုင်း လူငယ်တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ SSRY Eagle Force၊ Dragon Force၊ Tai PDF Cobra Force၊ Dove Guerrilla Force၊ Southern Shan Irine Force၊ Dove KK Medical Crew (တပ်ရင်းဆေးတပ်) တို့ ပူးပေါင်းပြီး အခု မေလအတွင်းက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဖယ်ခုံအရှေ့ဘက်ကမ်းက တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်က ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး NUG ၁၀၀၈ တပ်ရင်းက ရဲဘော် ၁ ဦး၊ ဖယ်ခုံ PDF က ရဲဘော် ၂ ဦး၊ KNDF တပ်ရင်း ၃ က ရဲဘော် ၁ ဦး၊ စုစုပေါင်း ၄ ဦး ကျဆုံးခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လွယ်ပေါ၊ နမ့်ပေါ်လုံ၊ နမ့်စွမ်၊ ဆောင်နန်းခဲ၊ ဆီးမီးလော့ကျေးရွာက အရပ်သားနေအိမ် ခန့်မှန်းခြေ ၅၀ ကျော်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013