DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူများ နေစရာ၊ ရိက္ခာနှင့် ဆေးဝါးအကူအညီ အရေးပေါ် လိုအပ်နေ
DVB
·
May 27, 2022
စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူများ နေစရာ၊ ရိက္ခာနှင့် ဆေးဝါးအကူအညီ အရေးပေါ် လိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်းမှာ ‌စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူတွေဟာလည်း သောင်းနဲ့ချီရှိနေကာ လက်ရှိ မိုးဦးရာသီ ကာလ ခိုလှုံစရာနေရာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်က ရွာတွေ၊ နေအိမ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို အကြောင်းမဲ့ သတ်တာတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ ပိုများပြားလာနေတယ်လို့ စစ်ရှောင်‌တွေကို အကူအညီပေးနေသူတဦးက ပြောပါတယ်။

“ဒီတခါ ရှောင်ရတဲ့ စစ်ရှောင်က အရမ်းအခြေအနေဆိုးတယ်ဗျ။ မိုးရွာတာကတကြောင်း  လမ်းတွေ ဆိုးတာက တကြောင်းပေါ့။ သစ်ပင်တွေအောက်မှာ နေကြရတယ်။ ထရော်လာဂျီတွေ၊ ကားတွေ အောက်မှာ အိပ်ရတဲ့သူတွေ ရှိတယ်။ လူတွေကလည်း အစုံပဲ။ အရင်တုန်းကဆိုရင် သွားနိုင် လာနိုင်တဲ့သူတွေပဲ ရှောင်ကြတာ။ ငါတို့တော့ ဘာမှမပါတာဆိုပြီး နေနေကြတဲ့လူတွေ ရှိတယ်။ အခုဟာက မရတော့ဘူး။  စစ်ကောင်စီက အကုန်မီးရှို့တဲ့အခါကျတော့ မနေရဲကြတော့ဘူး။ အကုန်ရှောင်ကြတဲ့အခါကျတော့ လူဦးရေကလည်း အရမ်းများသွားတယ်။” 

ပြီးခဲ့တဲ့ မေ ၁၉ ရက်က ဒီပဲယင်းမြို့နယ် အနီးနားကရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူ ၅ ယောက် သေဆုံးခဲ့သလို ဘေးလွတ်ရာရှောင်တိမ်းရင်း အသက် ၇၀ အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ စစ်တမ်းတွေအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ မေ ၁၀ ရက်အထိ တနှစ်ကျော် ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခအတွင်း သေဆုံးခဲ့ရသူ ၆၉၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ရာသီဥတုဆိုးရွားမှုကြောင့် နာမကျန်းဖြစ်ကာ ဆေးခေါ်ကုရတဲ့ လူနာတွေလည်းရှိသလို ဆေးဝါးတွေလည်း အရေးပေါ်အကူအညီလိုအပ်နေတယ်လို့သိရပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာ၊ နေစရာ အခက်အခဲတွေအပြင် မိုးရာသီ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေတာဖြစ်လို့ ငှက်ဖျားရောဂါ၊ မြွေ၊ ကင်း အန္တရာယ် အပါအဝင် တခြား ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စ‌အတွက် ဆေးဝါးထောက်ပံ့မှု အကူအညီတွေ လိုအပ်နေပါတယ်။

“မိုးတွင်းရောက်လာပြီဆိုတော့ မိုးကာတွေ ဘာတွေ လိုတယ်။ နောက်ပြီး မြွေဆိပ်ဖြေဆေးတွေလည်း လိုတယ်။ ပြီးခဲ့တဲ့လပိုင်းလောက်က ဝက်လက်နယ်ထဲမှာတော့ ပိုးထိတဲ့သူတွေ ရှိတယ်”လို့ ဝက်လက်မြို့ ဒေသခံတဦးက ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ အင်တာနက်ဖြတ်တောက်မှု၊ ဖုန်းလိုင်း ဖြတ်တောက်မှုတွေကြောင့် အခက်အခဲတွေ ပိုမိုကြုံတွေ့နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ကောလင်း၊ ပင်လယ်ဘူး၊ ဝန်းသို၊ ကန့်ဘလူ စတဲ့ မြို့နယ် နေရာတချို့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတာ ၆ လခန့်ရှိနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၄ ရက်ကလည်း မုံရွာ၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ ရေဦး စတဲ့ စစ်ကိုင်းတိုင်းထဲက နောက်ထပ် မြို့နယ် ၈ ခုမှာ ၆ နာရီကြာ ဖုန်းလိုင်းပြတ်တောက်ခဲ့ပါသေးတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar ရဲ့ ဧပြီလ ထုတ်ပြန်ချက်တွေအရ စစ်ပွဲတွေကြောင့် မြန်မာတနိုင်ငံလုံးမှာ စစ်ဘေးသင့်ပြည်သူ ၈၁၀,၀၀၀ ကျော်ရှိနေပြီး စစ်ကိုင်းတိုင်းတခုတည်းမှာတင် စစ်ဘေးသင့်ပြည်သူပေါင်း ၂၄၁,၀၅၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းတခုတည်းမှာတင် ‌၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစလို့ ဒီနေ့အထိ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပေါင်း ၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အခု ၂၀၂၂ မေလ တလတည်းမှာတင် တိုက်ပွဲပေါင်း ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်လို့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013