DVB Logo
Home
ကျန်းမာရေး
Monkeypox ရောဂါက စိုးရိမ်စရာ ဖြစ်လာနိုင်သလား
DVB
·
May 27, 2022
Monkeypox ရောဂါက စိုးရိမ်စရာ ဖြစ်လာနိုင်သလား
Donate to DVB

လတ်တလော လူမှုကွန်ယက်မှာ အဖုအပိမ့်တွေ ထွက်တဲ့ပုံတွေကို မျှဝေပြီး Monkeypox၊ မျောက်ကျောက်ရောဂါ၊ မျောက်ရေကျောက်ရောဂါ စသဖြင့် မျှဝေထားကြပါတယ်၊၊ အနောက်နိုင်ငံတွေမှာလည်း လူနာတွေ တွေ့နေရပြီဆိုတော့ ကိုဗစ်အလွန် ကပ်ရောဂါက Monkeypox များ ဖြစ်လာမလားဆိုတာကို စိုးရိမ်နေကြပါတယ်၊၊

Monkeypox က ဘယ်လောက်အထိ ပြန့်နေပြီလဲ၊၊

မေလ ၁၃ရက်နေ့ကနေစပြီး Monkeypox တွေ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေက WHOကို အကြောင်းကြားခဲ့ပါတယ်၊၊ စာရင်းတွေအရဆိုရင် ၂၀၂၂ခုနှစ်၊ မေလ ၂၁ရက်နေ့အထိ နိုင်ငံပေါင်း ၁၂နိုင်ငံမှာ တွေ့နေရပါပြီ၊၊ အတည်ပြုထားတဲ့ လူနာပေါင်း ၉၂ယောက်ရှိပြီး သံသယလူနာ ၂၈ယောက် ရှိပါတယ်၊၊ သေဆုံးတဲ့ လူနာတော့ မရှိသေးပါဘူး၊၊ ဒါပေမယ့် WHOကတော့ လူနာနဲ့ ပြန့်နှံ့တဲ့နိုင်ငံက ဒီထက်ပိုများလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်၊၊ ရောဂါအခြေအနေကိုလည်း အချိန်မီ သတင်းပို့ဖို့ တပ်လှန့်ထားပါတယ်၊၊

လက်ရှိမှာ ဖြစ်နေတဲ့ Monkeypox ရဲ့ ထူးခြားချက်တွေ

  • အနောက်နိုင်ငံတွေမှာ တွေ့နေရတာ

လက်ရှိမှာ ပြန်နှံ့နေတဲ့ နိုင်ငံတွေက Monkeypox ဖြစ်လေ့ဖြစ်ထရှိတဲ့ နိုင်ငံတွေမဟုတ်ပါဘူး၊၊ ဒီရောဂါက အာဖရိက နိုင်ငံတွေမှာ အတွေ့ရများပါတယ်၊၊ Endemic countriesတွေလို့ ခေါ်ပါတယ်၊၊ ပုံမှန်လည်း လူနာရှိတတ်တဲ့အပြင် ခုလို တခြားနိုင်ငံတွေမှာ ဖြစ်နေတဲ့အချိန်မှာလည်း သူတို့ဆီမှာ လူနာရှိနေပါတယ်၊၊

ဥပမာ နိုင်ဂျီးရီးယားမှာဆိုရင် ဒီနှစ် ဇန်နဝါရီလအစကနေ ဧပြီလကုန်ထိကို လူနာ ၄၆ယောက် ရှိပါတယ်၊၊ ကမ်မရွန်းမှာဆို ၂၀၂၁ ဒီဇင်ဘာ ၁၅ရက်ကနေ ၂၀၂၂ ဖေဖော်ဝါရီ ၂၂ အထိ လူနာ ၂၅ယောက် ရှိပါတယ်၊၊

ဖြစ်နေကျနိုင်ငံတွေမှာ လူနာတွေ့ရတာ မဆန်းပေမယ့် ဖြစ်နေမကျတဲ့ အနောက်နိုင်ငံတွေမှာ တွေ့ရတာ ဆန်းပါတယ်၊၊

  • ခရီးသွားရာဇဝင်မရှိတာ

နောက်တစ်ချက်က လက်ရှိ အနောက်နိုင်ငံတွေမှာ တွေ့ထားတဲ့ လူနာတွေက ခရီးသွားရာဇဝင် မရှိပါဘူး၊၊ ဆိုလိုတာက အာဖရိကနိုင်ငံတွေကို သွားထားလို့ ရောဂါပါလာတာမျိုး မဟုတ်ပါဘူး၊၊

နောက်ဆုံးတစ်ချက်က လူနာအများစုက MSMလို့ခေါ်တဲ့ အမျိုးသားချင်း လိင်တူဆက်ဆံတဲ့သူတွေဖြစ်နေတာပါ၊၊ ဒီလိုဆိုလို့ Monkeypoxက လိင်ကတဆင့် ကူးစက်တတ်တာမျိုးတော့ မဟုတ်ပါဘူး၊၊ လိင်ဆက်ဆံမှု မရှိလည်း ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့ရင်လည်း ကူးစက်နိုင်ပါတယ်၊၊

Monkeypoxက ပြင်းထန်လာနိုင်သလား၊၊

  • လက်ရှိတွေ့နေရတာက မပြင်းထန်တဲ့ အမျိုးအစားပါ၊၊

Monkeypoxမှာ နှစ်မျိုးရှိပါတယ်၊၊ West African cladeရယ် Congo Basin (Central African) cladeရယ်ပါ၊၊ လက်ရှိအချိန်ထိ တွေ့ထားတဲ့ Monkeypoxက West African cladeပါ၊၊ သူက Congo Basin (Central African) clade အနေနဲ့ ယှဉ်ရင် သေနှုန်းက ၃.၆%ပဲ ရှိတဲ့အတွက် အခြေအနေမဆိုးလောက်ဘူးလို့ မှန်းထားပါတယ်၊၊

  • ရောဂါက အလိုလိုပြန်ကောင်းတတ်ပါတယ်၊၊

Monkeypoxရဲ့ သဘာဝကိုက ၂-၄ပတ်လောက်နေရင် သက်သာသွားပါတယ်၊၊ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ခုခံအားမကောင်းတဲ့သူတွေဆိုရင်တော့ ပြင်းထန်တတ်ပါတယ်၊၊ အများစုမှာတော့ မပြင်းထန်တတ်ပါဘူး၊၊

  • ကာကွယ်ဆေး ရှိပါတယ်၊၊

အမျိုးအစားချင်း မတူပေမယ့် ကျောက်ကြီးကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ Monkeypox ဖြစ်နိုင်ခြေကို ၈၅% လျှော့ချပေးနိုင်ပါတယ်၊၊ ဒါပေမယ့် ကျောက်ကြီးက ၁၉၈၀မှာတည်းက ကမ္ဘာမှာ အမြစ်ပြတ်သွားပြီဖြစ်လို့ လူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ဆေး မထိုးပေးတော့ပါဘူး၊၊ လွန်ခဲ့တဲ့ နှစ် ၄၀-၅၀ လောက်က ထိုးခဲ့တာ နောက်ဆုံးပဲဆိုတော့ အိမ်က မိဘတွေကတော့ ထိုးပြီးသား ဖြစ်နိုင်ပါတယ်၊၊ ဒါပေမယ့် စိတ်မပူပါနဲ့၊၊ ဒီကာကွယ်ဆေးက တချို့သုတေသနဌာနတွေမှာ ရှိနေတဲ့အတွက် လိုအပ်လာရင် ထပ်ထုတ်လို့ရပါတယ်၊၊

နောက်ပြီး Monkeypox အတွက် ၂၀၁၉ခုနှစ်တည်းက ကာကွယ်ဆေးတစ်မျိုးက ခွင့်ပြုချက်ကျပြီးသားပါ၊၊ ကျယ်ကျယ်ပြန့်ပြန့် မထုတ်ရသေးတာပဲ ရှိတာပါ၊၊ လိုအပ်လာရင် ဒါကိုလည်း ပြုပြင်မွမ်းမံမှုတွေ လုပ်ပြီး ထုတ်လို့ရနိုင်ပါတယ်၊၊

လူမှုကွန်ယက်မှာ တွေ့ရတဲ့ Monkeypox ရဲ့ ပုံတွေမှာ ကိုယ်မှာ အပိမ့်တွေ၊ အကွက်တွေ ထတာကို ကြည့်ပြီး အကြောက်လွန်နေကြမှာပါ၊၊ ရောဂါက စောင့်ကြည့်ရဦးမှာဖြစ်တဲ့အတွက် သိပ်လည်း မစိုးရိမ်ကြပါနဲ့၊၊ ပေါ့ပေါ့လျော့လျော့လည်း မနေကြပါနဲ့၊၊ သတင်းတွေကို အမြဲနားစွင့်နေပါ၊၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကြံပေးချက်တွေကို နားထောင်ပါလို့ အကြံပေးချင်ပါတယ်၊၊

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ပြန်လည်ဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013