
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တောင်ခြမ်း၊ ညောင်ပင်ကြီးတောကျေးရွာကို စစ်အာဏာရှင်တပ်က ဇွန် ၁၇ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
အခုလို လေယာဉ်နဲ့ ဗုံးကြဲချတာကြောင့် သားအမိ ၂ ယောက် အပါအဝင် ၅ ယောက် နေရာတင် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ဝက်လက်ဒေသခံ KPG က “အခု ညောင်ပင်ကြီးတောကို ပတ်ပြီးကြဲနေတာ၊ တခါချရင် ၂ လုံးတတွဲ ချတယ်။ ပေါက်ကွဲအသံကတော့ ၂ ခါကို ဗုံးသီးလေးလုံးကွဲတဲ့အသံ ကြားရတယ်။ ဘာမှ အသေးစိတ် မသိရသေးဘူး” လို့ ပြောပါတယ်။
အဆိုပါကျေးရွာကို လာရောက်ကြဲချတဲ့ လေယာဉ်ဟာ တံတားဦးတက် ဂျက်တိုက်လေယာဉ် အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။
ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တယောက်က “အိမ်ပေါ် တည့်ကျတာ။ ၅ နှစ်အရွယ် ကလေးတဦးနဲ့ ၃၅ အရွယ် အမျိုးသမီးတဦးကတော့ တိတိကျကျသိရပြီ။ နောက်ထပ် ၃ ဦးလည်း သေဆုံးတာရှိတယ်လို့တော့ သိထားရတယ်။ အမျိုးသားတွေလား၊ အမျိုးသမီးတွေလား ဆိုတာကိုတော့ ကျနော့်ဆီ သတင်းတက်မလာသေးဘူး။ နောက်ပြီး နွားတွေလည်း သေဆုံးတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တွေေတော့ အရပ်သား ပြည်သူတွေကို စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းသတိ လေကြောင်းအသိနဲ့ နေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော် ထုတ်ပြန်ထားပါတယ်။










