DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဖွဲ့စည်းမည့် “ပြည်သူ့လုံခြုံရေးအဖွဲ့”အမည်ခံ အကြမ်းဖက်အဖွဲ့၌ ပါဝင်ခြင်း မပြုကြရန် NUG သတိပေး
DVB
·
May 27, 2022
စစ်ကောင်စီဖွဲ့စည်းမည့် “ပြည်သူ့လုံခြုံရေးအဖွဲ့”အမည်ခံ အကြမ်းဖက်အဖွဲ့၌ ပါဝင်ခြင်း မပြုကြရန် NUG သတိပေး
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်း မြို့နယ်တွေမှာ တိုးချဲ့ဖွဲ့စည်းဖို့ ကြိုးပမ်းနေတဲ့ “ပြည်သူ့လုံခြုံရေးအဖွဲ့” အမည်ခံ အကြမ်းဖက်အဖွဲ့တွေမှာ ပြည်သူတွေအနေနဲ့ ပါဝင်ခြင်း မပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာ ကွယ်ရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ပါတယ်။

မေ ၂၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အကြမ်းဖက်ဝါဒကို လက်ကိုင်ထားကာ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ အကြမ်းဖက်နှိပ်စက် ညှင်းပန်းနေတဲ့ စစ်ကောင်စီဟာ တစတစ အင်အားပြုန်းတီးနေတဲ့ သူတို့ရဲ့ အကြမ်းဖက် စစ်တပ် ကို ဖာထေးထောက်ကူနိုင်ရေး နိုင်ငံတဝန်း မြို့နယ်တွေမှာ အကြမ်းဖက်အဖွဲ့များ တိုးချဲ့ ဖွဲ့စည်းရန် ကြိုးပမ်းနေပြီး အရင်က ပျူစောထီး၊ သွေးသောက်၊ သွေးသစ္စာ၊ စွန်ရဲ စတဲ့ နာမည်အမျိုးမျိုးနဲ့ အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းထားခဲ့ရာက နေ ခုတခါမှာတော့ ပြည်သူချင်း အကြမ်းဖက်  ရန်ပြုစေဖို့အတွက် ထွက်ပေါက်ရှာဖွေဖို့ မူဝါဒတစ်ခု ချမှတ်ကာ သူတို့ တိုက်ရိုက်စီမံ ကွပ်ကဲမယ့် ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ရ အကြမ်းဖက်အဖွဲ့ကို စစ်အုပ်စုအလိုတော်ရိ နိုင်ငံရေး ပါတီ နဲ့ အသင်းအဖွဲ့တွေရဲ့ ပါဝင်မှုနဲ့ ဖွဲ့စည်းဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကတော့ စစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားပြီးဖြစ်တာကြောင့် စစ်ကောင်စီနဲ့ သူတို့ရဲ့ အကြမ်း ဖက်မှုလုပ်ငန်းတွေမှာ ထောက်ကူပေးတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေအားလုံးဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းပြီး ဥပဒေ နည်းလမ်း အရဖြစ်စေ၊ စစ်ရေးနည်းလမ်းအရဖြစ်စေ အရေးယူခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးရဲ့ ထုတ်ဖော်ပြောဆိုချက်တွေအရ “ပြည်သူ့လုံခြုံရေးအဖွဲ့” အပါအဝင် အရပ်သားတွေပါဝင်တဲ့ ကာကွယ်ရေးစနစ်၊ တနည်းအားဖြင့် ပြည်သူကို ပြည်သူနဲ့ ပြန်ရန်တိုက်ပေးတဲ့ အကြမ်းဖက်စနစ်ကို ဖော်ဆောင် သွားမှာဖြစ်ပြီး ပါဝင်ဆောင်ရွက်သူတွေကို စစ်ပညာသင်ကြားပေးတာ၊ အကြမ်းဖက်နည်းလမ်းတွေ ပို့ချတာ၊ လက်နက်တပ်ဆင်ပေးတာတွေ ဆောင်ရွက်မှာဖြစ်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက သိရှိပြီးဖြစ်ကာ အဆိုပါ အသင်း အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ပက်သက်တဲ့ သက်သေအထောက်အထားတွေကိုလည်း ရရှိထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ စစ်ကောင်စီက ဖွဲ့စည်းတဲ့ အဆိုပါ “ ပြည်သူ့လုံခြုံရေးအဖွဲ့ ” တွေနဲ့ အဖွဲ့ဝင်တွေကို အရပ်သားအဖြစ် မှတ်ယူလို့မရတော့တဲ့အတွက် “ အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်တွေ ”  အဖြစ် သတ်မှတ်ကာ စစ်ရေးနည်းလမ်း အရ အရေးယူ ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။

အဲဒီအဖွဲ့မှာ ပါဝင်ဖို့ အတင်းအကြပ်ဖိအားပေး ခိုင်းစေခံရတဲ့ ပြည်သူတွေကတော့ အဖွဲ့ကို အမြန်ဆုံးစွန့်ခွာပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေဆီ သတင်းပေးပို့လက်နက်အပ်နှံ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ပြည်သူလူထုအနေနဲ့လည်း စစ်ကောင်စီက “ပြည်သူ့လုံခြုံရေးအဖွဲ့” ဆိုကာ အင်အားစုဆောင်းလာမှုကို လုံးဝလက်မခံ၊ ဆန့်ကျင်ကြဖို့တဲ့ မိမိတို့ရပ်ရွာအတွင်း အကြမ်းဖက်အဖွဲ့ဝင် ထောက်တိုင်တွေအဖြစ် ပါဝင်ဆောင်ရွက်နေမှုတွေကို သိရှိရပါက တယ်လီဂရမ်(telegram) အမည် " info2mod " သို့လည်းကောင်း၊ အီးမေးလ်(email) လိပ်စာ " [email protected] "တို့ဆီ အထောက်အထားနဲ့တကွ သတင်းပေးပို့ တိုင်ကြားနိုင်ကြဖို့လည်း နှိုးဆော်ထားပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013