DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းစီးပွားလုပ်ငန်းများ ကျပ်ငွေဖြင့်သာ ငွေပေးချေကြရန် ဗဟိုဘဏ် ထုတ်ပြန်
DVB
·
May 26, 2022
ပြည်တွင်းစီးပွားလုပ်ငန်းများ ကျပ်ငွေဖြင့်သာ ငွေပေးချေကြရန် ဗဟိုဘဏ် ထုတ်ပြန်
Donate to DVB

ပြည်တွင်းမှာ ရောင်းချဝယ်ယူတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် စျေးနှုန်းဖော်ပြမှုနဲ့ ကျသင့်ငွေပေးချေမှုတွေမှာ မြန်မာကျပ်ငွေနဲ့သာ မဖြစ်မနေ သုံးစွဲဆောင်ရွက်ရမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က မေလ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက သူတို့ခန့်ထားတဲ့ ဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစည်ပင်ကော်မတီတွေကို လိပ်မူပြီး ပြည်တွင်းပေးချေမှုတွေ ပြုလုပ်ရာမှာ ကျပ်ငွေနဲ့သာ အသုံးပြုပေးချေဖို့ လိုက်နာရမယ့် အချက်တွေကို ထုတ်ပြန်ကြေညာခဲ့တာပါ။

နိုင်ငံအတွင်းမှာ ရောင်းချဝယ်ယူတဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေနဲ့ သုံးစွဲပေးချေတာကြောင့် ပြည်တွင်းမှာ နိုင်ငံခြားသုံးငွေ ကျယ်ပြန့်စွာ အသုံးပြုမှုဖြစ်စေပြီး နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားလာစေတဲ့အပြင် နိုင်ငံခြား ငွေလဲလှယ်နှုန်း (Exchange Rate) မတည်ငြိမ်မှု ဖြစ်ပေါ်စေတာကြောင့် ပြည်တွင်းသုံးစွဲ၊ ပေးချေမှုတွေ ပြုလုပ်ရာမှာ မြန်မာကျပ်ငွေနဲ့သာ မဖြစ်မနေသုံးစွဲဖို့ အခုလို ညွှန်ကြားချက် ထုတ်ပြန်တာ ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တချို့နဲ့ ပြည်တွင်းမှာ လာရောက်ဖွင့်လှစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျောင်းတွေ အပါအဝင် နိုင်ငံခြားသားတွေ ပြည်တွင်းမှာ နေရာထိုင်ခင်း ငှားရမ်းတာ၊ အမှတ်တရပစ္စည်းဆိုင်တွေမှာ ကျပ်ငွေအစား နိုင်ငံခြားငွေ(အမေရိကန်ဒေါ်လာ)နဲ့ ပေးချေဆောင်ရွက်နေတာကို တွေ့ရှိနေရတယ်လို့ ဗဟိုဘဏ်က ပြော ပါတယ်။

ဒါ့အပြင်ဝန်ကြီးဌာန အသီးသီးအောက်က လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကလည်း လုပ်ငန်းဆောင်ရွက်မှုအတွက် ရဖို့ရှိတဲ့ ၀င်ငွေတွေ (ဥပမာ- မြေငှားရမ်းခြင်း၊ အာမခံလုပ်ငန်းအတွက် မတည်ရင်းနှီးငွေ ထည့်ဝင်ခြင်းနဲ့ ဖက်စပ်လုပ်ငန်းမှ ရရှိတဲ့ငွေ) ကို နိုင်ငံခြားသုံးငွေနဲ့ လက်ခံဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုလို ဗဟိုဘဏ်ရဲ့ ကျပ်ငွေအစားထိုး စီမံကိန်းက နိုင်ငံခြားသားနဲ့ဖက်စပ်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအတွက် အခက်အခဲ ရှိစေပါတယ်။

ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တဦးက “ပြည်တွင်းမှာ ဒေါ်လာက ရှားနေပြီလေ။ ရှားနေပြီဆိုတော့ မရ ရအောင် သူတို့က အတင်းခြစ်ကုတ်နေတာပေါ့။ ဒါက သူတို့လုပ်နေကြ ထုံးစံဘဲ။ ကျပ်ငွေဆိုတာက နိုင်ငံခြားသားအတွက်တော့ ဘာတန်ဖိုးမှ မရှိဘူးလေ။ ငွေလဲနှုန်းကိုလည်း စကစ က ၁၈၅၀ နဲ့ ပုံသေနှုန်း သတ်မှတ်ထားတယ်။ ဆိုတော့ နိုငံခြားသားက ၁၈၅၀ နှုန်းနဲ့ဆိုရင် သူ့အတွက်က စျေးကွက်ပေါက်စျေးမရလို့ နစ်နာတာပေါ့။ ကိုယ့်ပြည်တွင်းသမားကိုတော့ ကျပ်နဲ့ သွားလုပ်လို့ ရမယ်။ ဒါပေမဲ့ နိုင်ငံခြားသားနဲ့လုပ်နေတဲ့ဟာတွေကတော့ မလွယ်ဘူးထင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စီးပွားရေးသုတေသီတဦးကလည်း “စကစ လက်ထက်မှာ ဒေါ်လာ ရှားလာပြီဆိုတာက သေချာတယ်။ ဒီသက်ရောက်မှုက ပစ္စည်းပြတ်လပ်မှုတွေ ရှိလာမယ်နော်။ အခုဆိုရင် စက်သုံးဆီအတွက် ဒေါ်လာမရှိလို့ ကြားနေရပြီလေ။ ပိုစိုးရိမ်တာက သီရိလင်္ကာနိုင်ငံလို ဖြစ်လာမှာဘဲ ကျနော်တို့က စိုးရိမ်တာ။ သီရိလင်္ကာမှာ အခု စက်သုံးဆီ ပြတ်သွားတယ်၊ ဆေးဝါးတွေ ပြတ်သွားတယ်။ ပြီးတော့ သူတို့နိုင်ငံကို ပိုက်ဆံချေးမယ့် နိုင်ငံလည်း မရှိလို့ ဒုက္ခရောက်နေကြတယ်။ မြန်မာနိုင်ငံလည်း အဲ့လို အကျပ်အတည်းပေါ်လာမှာကို ကျနော်တို့ စိုးရိမ်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းက မေလ ၂၆ ရက် ဒီနေ့ အမေရိကန် ၁ဒေါ်လာကို ကျပ် ၁၈၅၀ သတ်မှတ်ထားပြီး ငွေလဲကောင်တာတွေမှာ ဖော်ပြထားတဲ့စျေးနှုန်းအရ ဝယ်စျေး ၁၈၅၀ ကျပ် နဲ့ ရောင်းစျေး ၁၈၅၅ ကျပ် ရှိပေမယ့် ဒီနှုန်းက ရောင်းသူ၊ဝယ်သူ မရှိတဲ့ စျေးတန်းပါ။ ပြင်ပမှာ ဖြစ်ပေါ်နေတဲ့ စျေးနှုန်းက တဒေါ်လာကို ဝယ်စျေး ၂၀၇၂ ကျပ် နဲ့ ရောင်းစျေး ၂၀၈၂ ကျပ် ရှိပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ကင်းလွတ်ခွင့်ပြုထားတဲ့ ကိစ္စရပ်တွေကလွဲပြီး ပြည်တွင်းမှာ နေထိုင်သူတွေရဲ့ ပြည်ပကနေ နိုင်ငံခြားသုံးငွေနဲ့ ရရှိတဲ့ဝင်ငွေတွေကို (AD) လိုင်စင်ရဘဏ်တွေမှာ  နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပြီး အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေနဲ့ လဲလှယ် ရောင်းချရမယ်လို့ ပြီးခဲ့တဲ့ဧပြီလမှာ   ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013