
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်အတွင်း ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ အချက်အချာကျတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။
ဒါဟာ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ထိခိုက်နစ်နာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပါလို့ ဆိုပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနဲ့ လုံးတူကျေးရွာတွေကို စစ်အာဏာရှင်တပ်က အောက်တို ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ၂ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးအလုံးရေ ရာချီ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နို့စို့အရွယ်ကလေးအပါအဝင် အရပ်သား ၉ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) က အောက်တိုဘာ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေထဲ ဒဏ်ရာပြင်းထန်သူတွေ ရှိနေပြီး ဈေးဆိုင်ခန်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတာပါ။
ခုလို လူစည်ကားတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာဟာ ပြည်သူတွေ ထိခိုက်သေဆုံးမှုများအောင် ကြောက်စိတ်ဝင်အောင် တိုက်ခိုက်နေတာလို့ (CPU/CPA) ရဲ့ အထွေထွေအတွင်းရေးမှူး ကိုဆလိုင်းယောမာန် က ပြောပါတယ်။
“အာဏာရှင်စစ်တပ်က ဗုံးကြဲလို့ လူ ၉ ဦး ပီချောင်းဆုံမှာ သေဆုံးခဲ့ပါတယ်။ ဒဏ်ရာ ရတဲ့သူကလည်း ၅ ဦးဝန်းကျင်ရှိပါတယ်။ တချို့ ဒဏ်ရာရတဲ့လူတွေ ပြင်းထန်ပါတယ်။ ဆိုင်ခန်းတွေလည်း ထိခိုက်ပျက်စီးမှု တော်တော်ရှိပါတယ်။ စစ်ကောင်စီကတော့ လူစည်တဲ့နေရာ၊ အချက်အချာကျတဲ့နေရာမျိုးကို ရွေးချယ်ပြီးမှ တိုက်ခိုက်တယ်လို့ မြင်ပါတယ်။ အဓိကတော့ ပြည်သူတွေ ထိခိုက်သေဆုံးမှုများအောင်ဖြစ်စေ၊ ပြည်သူတွေ ကြောက်စိတ်ဝင်သွားအောင် အဲဒီလိုမျိုးဖြစ်အောင် တိုက်ခိုက်တယ်လို့ မြင်ပါတယ်။”
ဗုံးကြဲခံရတဲ့ လေးမြို့မြစ်ဖျားက ပီချောင်းဆုံဒေသဟာ ပလက်ဝ၊ မတူပီနဲ့ မင်းတပ် ၃ မြို့နယ်ရဲ့ ရေလမ်းကြောင်းတွေဆုံရာ အချက်အချာနေရာ ဖြစ်ပြီး ပြည်မဘက်ကနေ ရခိုင်ပြည်နယ်ကို ကုန်စည် စီးဆင်းရာမှာ မရှိမဖြစ် အရေးပါတဲ့ ကုန်သွယ်ရေးဆိပ်ကမ်းတခု ဖြစ်ပါတယ်။
မကွေးတိုင်းဘက်ကနေ မင်းတပ်၊ မတူပီတို့ကို ဖြတ်ပြီး ရခိုင်ပြည်နယ်ဘက်ကို စက်သုံးဆီ၊ အဝတ်အထည်နဲ့ အခြေခံစားသောက်ကုန်တွေ တင်သွင်းရာမှာ မရှိမဖြစ် အရေးပါတဲ့ ကုန်သွယ်ရေးဆိပ်ကမ်းတခု ဖြစ်တာကြောင့် ခရီးသွားတွေနဲ့ ကုန်သည်တွေ အများအပြား ဝင်ထွက်သွားလာနေတဲ့ နေရာလည်း ဖြစ်ပါတယ်။
ခုလိုကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ နေရာကို ဗုံးကြဲတာဟာ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ထိခိုက်နစ်နာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပါလို့ ပီချောင်းဒေသခံ တယောက်က ပြောပါတယ်။
ပီချောင်းဒေသခံတယောက်က “အထူးသဖြင့် ကျနော်တို့ ရခိုင်ပြည်နဲ့ ချိတ်ဆက်တာက လေးမြို့မြစ်ရေလမ်းကြောင်းပေါ့နော်၊ အဲဒီရေလမ်းကြောင်းကတဆင့် ကုန်စည်တွေ ချကြတယ် ပြည်မဘက်က ပစ္စည်းတွေကိုပေါ့နော်၊ ပီချောင်းဆုံ ဆိုတဲ့ဟာက ရေလမ်းကြောင်း ၃ ခုဆုံတဲ့ နေရာပေါ့လေ၊ ဒါကြောင့်မို့လို့ အဲဒီနေရာက မတူပီဘက်ကချလာတဲ့ ကုန်ပစ္စည်းတွေကို တင်ပြီးတော့ ဂိတ်ပုံစံမျိုး စုပြီးတော့ ထားတဲ့ ကုန်သည်တွေရဲ့ အဓိကကျတဲ့ ဆိပ်ကမ်း တခုလိုမျိုး ဖြစ်နေတာပေါ့။ ဒါကြောင့်မို့လို့ အဲဒီနေရာက ပြည်မဘက်က ကုန်စည်ချတဲ့ လမ်းကြောင်းထဲမှာ အများကြီးအရေးပါတဲ့နေရာလို့ ပြောရတာပေါ့။ အဲဒီ ပီချောင်းဆုံကို ဗုံးကြဲတဲ့အတွက် ထိခိုက်မှုတွေရှိပြီးတော့ ကုန်သည်မှုက လုံးဝမရှိသလောက် ဖြစ်သွားမဲ့ အခြေအနေလို့ ပြောလို့ရတာပေါ့။ မြန်မာစစ်အစိုးရက သူတို့ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ ပြည်သူတွေကို တည်ငြိမ်မှုမရှိအောင်၊ လူမှုစီးပွားဘဝတွေ ထိခိုက်နစ်နာအောင် သက်သက်လုပ်တဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာပေါ့လေ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း ရခိုင်ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ ကျောက်တော်မြို့ အိန္ဒိယဈေးကို စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲခဲ့လို့ ကုန်သည်အပါအဝင် ဒေသခံပြည်သူ ၅၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။
လက်ရှိ ချင်းပြည်နယ်အတွင်းက မင်းတပ်၊ ကန်ပက်လက်နဲ့ ကျင်ဒွေးမြို့ဘက်တွေမှာ စစ်အာဏာရှင်တပ်နဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေအကြား နေ့စဉ်နီးပါး မြေပြင်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာ တလကျော် ရှိလာနေပါပြီ။
မြေပြင်စစ်မျက်နှာတွေမှာ အထိနာနေတဲ့ စစ်အာဏာရှင်တပ်ဟာ အခုလို လူစည်ကားရာ ဈေးဆိုင်ခန်းတွေနဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းကနေ ဦးတည် တိုက်ခိုက်လာနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို အထူးသတိပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတိပေး နှိုးဆော်ထားပါတယ်။











