DVB Logo
Home
မြန်မာသတင်း
၂၀၂၁ ခုနှစ် Seán MacBride ငြိမ်းချမ်းရေးဆု အေအေပီပီ လက်ခံရရှိ
DVB
·
May 25, 2022
၂၀၂၁ ခုနှစ် Seán MacBride ငြိမ်းချမ်းရေးဆု အေအေပီပီ လက်ခံရရှိ
Donate to DVB

ဂျာမနီနိုင်ငံအခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့ (International Peace Bureau) က ချီးမြှင့်တဲ့ ၂၀၂၁ ခုနှစ် Seán MacBride ငြိမ်းချမ်းရေးဆုကို  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) က လက်ခံရရှိခဲ့ပါတယ်။

ဒီဆုကိုတော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်အတွက် အသက်ပေးအနစ်နာခံသူ သူရဲကောင်းအားလုံးကို ရည်ရွယ်ပြီး ချီးမြှင့်တာလို့ ဆိုပါတယ်။

ဆုချီးမြှင့်တဲ့အခမ်းအနားမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ အေအေပီပီရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်တို့က အင်တာနက်ကတဆင့် မိန့်ခွန်း ပြောကြားခဲ့ကြပါတယ်။

မြန်မာစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေကို မှတ်တမ်းတင်ထားတဲ့ အေအေပီပီရဲ့  ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်တဲ့  ဒီငြိမ်းချမ်းရေးဆုကို  အေအေပီပီ ကလက်ခံရရှိတဲ့အတွက် ဂုဏ်ယူကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကလည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူအခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကလည်း “လေးစားရတဲ့ AAPP ကို International Peace Bureau က Seán MacBride Peace Prize ဆု ပေးအပ် ခဲ့တဲ့ပွဲမှာ ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ ကိုဘိုကြည်တို့ ကိုတိတ်နိုင်တို့ဆိုတာ ဆယ်စုနှစ်ကျော် လက်တွဲလုပ်ဆောင်နေခဲ့ကြတဲ့ ရဲဘော်တွေပါ။ အဖွဲ့အစည်းချင်းလည်း လက်တွဲလုပ်ဆောင်နေကြတာပါ။ လေးစားပါတယ်။”လို့ ဂုဏ်ပြု ရေးသားထားပါတယ်။

အေအေပီပီအဖွဲ့ကို နိုင်ငံရေးအကျဥ်းသားဟောင်းတွေ စုပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်က စတင်ကာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အခြေစိုက်ပြီး စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလမှာတော့ အေအေပီပီဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူတွေအပေါ် ဥပဒေမဲ့ အကြမ်းဖက်ဖမ်းဆီးပစ်ခတ်သတ်ဖြတ်တာတွေ၊ မတရားပုဒ်မတပ် အကျဉ်းချတာတွေ၊ ရွာလုံးကျွတ်မီးရှို့ဖျက် ဆီးမှုတွေတွေကို နေ့စဉ်မှတ်တမ်းတင်ဖော်ပြနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အကြမ်းဖက်စစ်အုပ်စုက အေအေပီပီကို တရားမဝင်အသင်းအဖွဲ့အဖြစ်သတ်မှတ်ပြီး ထုတ်ပြန်ချက်တွေ၊ စာရင်းတွေဟာ နိုင်ငံတော် တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေတယ်ဆိုကာ အရေးယူသွားဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အေအေပီပီဘက်ကတော့ ဘယ်လိုဖိအားပေးတာပဲဖြစ်ဖြစ် နွေဦးတော်လှန်ရေးကာလ ကျဆုံးသူရဲ့ကောင်းစာရင်းကို ဆက်လက်ပြုစုသွားပြီး မူလရည်ရွယ်ချက်လမ်းကြောင်းအတိုင်းပဲ ဆက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁၅ လတာကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၆၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၈၂၂ ယောက်ထိ ရှိလာခဲ့ပြီလို့  အေအေပီပီက ထုတ်ပြန်ပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၇၆၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၀၇၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပြီး လတ်တလောအချိန်ထိ အကြမ်းဖက် စစ်အုပ်စုက သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၅၇၀ ထက်မနည်းရှိခဲ့တယ်လို့လည်း အေအေပီပီက  မှတ်တမ်းပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013