
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား - ၃၂ သင်းအဆင့်ပွဲစဉ်မှာ ပူးတွဲအိမ်ရှင် မက္ကဆီကိုအသင်းက အီကွေဒေါအသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့ အက်စတာဒီယို အက်ဇတေကာကွင်းမှာ ဒေသစံတော်ချိန် ဇွန် ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ မက္ကဆီကိုအသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်း ၂၂ မိနစ်မှာပဲ ဂျူလီယန် ကွီနိုနက်စ်က အဖွင့်ဂိုးသွင်းပေးခဲ့ပြီး နောက် မကြာမီ ပွဲချိန် ၃၁ မိနစ်မှာပဲ ဟီမင်နက်စ်က ဒုတိယမြောက်ဂိုး သွင်းယူပေးခဲ့တာပါ။
ဒီနေ့ပွဲစဉ်ကို မက္ကဆီကိုစီးတီးရှိ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေကြောင့် မူလသတ်မှတ်ထားချိန်ထက် တနာရီလောက် နောက်ဆုတ်ပြီး ကျင်းပခဲ့ရတာဖြစ်ပြီး ဒီနေ့ပွဲစဉ်ကို ပရိသတ် ၈၀,၀၀၀ ကျော်လောက် လာရောက်အားပေး ကြည့်ရှုခဲ့ကြပါတယ်။
ဒီပွဲအနိုင်ရတဲ့ မက္ကဆီကိုအသင်းဟာ လာမဲ့တနင်္လာနေ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ အင်္ဂလန် ဒါမှမဟုတ် ဒီအာရ်ကွန်ဂို အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
မိနစ် ၉၀ အပြီး နာကျင်အချိန်ပိုမှာ အီကွေဒေါအသင်းမှ ဟင်ကာပီက ပါးစပ်ကို အုပ်ပြီး မက္ကစီကို ကစားသမားတယောက်ကို စကားပြောခဲ့လို့ ဖီဖာစည်းကမ်းသစ်အရ တိုက်ရိုက် အနီကတ်နဲ့ ကွင်းထဲမှ ထုတ်ပယ်ခံခဲ့ရပါတယ်။
Photo: Reuters











