DVB Logo
Home
မြန်မာသတင်း
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် မြန်မာကို Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်း တောင်းဆို
DVB
·
May 24, 2022
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် မြန်မာကို Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်း တောင်းဆို
Donate to DVB

မြန်မာနိုင်ငံအတွက် အဖြေတစ်ခုကို ဦးဆောင်ရှာဖွေနေတဲ့ အာဆီယံအဖွဲ့အစည်းရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍကို ဆက်လက်အား ပေးထောက်ခံကြောင်းနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အင်ဒို-ပစိဖိတ်ဒေသ ကမ္ဘာ့အင်အားကြီး နိုင်ငံ ၄ နိုင်ငံ Quad ရဲ့ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန် ၄ နိုင်ငံ ပူးပေါင်းထားတဲ့ Quad အဖွဲ့ရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာမိုဒီ၊ ဂျပန်ဝန်ကြီးချုပ် ဖူမိအိုခိရှိဒနဲ့ ဩစတြေးလျဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘာနီတို့ဟာ  ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး မေ ၂၄ ဒီကနေ့ ရက်စွဲနဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

စိုးရိမ်ဖွယ်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်စေခဲ့ပြီး ဒေသတွင်းတည်ငြိမ်မှုဆိုင်ရာ စိန်ခေါ်မှုတွေကိုလည်း ဖြစ်ပွားစေတဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်နေဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ရေး၊ နိုင်ငံခြားသားတွေအပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံး ပြန်လွှတ်ပေးရေး၊ အပြုသဘောဆောင်တဲ့ အပြန်အလှန် ဆွေးနွေးမှုတွေနဲ့ ထိတွေ့ ဆက်ဆံမှုပြုလုပ်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရောက်ရှိရေးနဲ့ ဒီမိုကရေစီမြန်မြန်ဆန်ဆန်ပြန်လည်ဖော်ဆောင်ရေးတို့အတွက်လည်း ဆက်လက် တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အရပ်သားပြည်သူတွေ တနေ့တခြား တိုးပွားလာနေသလို နိုင်ငံတဝန်း ခုခံတော်လှန်စစ်ပွဲ အရှိန်မြှင့်နေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ ၁ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၆၀ နီးပါးနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၃,၇၈၉ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013