DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း ရနောင်းသို့ MOU လုပ်သားအယောက် ၃၀ စတင်ဝင်ရောက်
DVB
·
May 24, 2022
ထိုင်းတောင်ပိုင်း ရနောင်းသို့ MOU လုပ်သားအယောက် ၃၀ စတင်ဝင်ရောက်
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် အိမ်နီးချင်းနိုင်ငံက နှစ်နိုင်ငံသဘောတူ MOU အလုပ်သမား တင်သွင်းမှု ၂ နှစ်ကျော် ဆိုင်းငံ့ထားပြီး ဒီမေလကစ ပြန်လည်လက်ခံနေရာမှာ ထိုင်း တောင်ပိုင်း ရနောင်းမြို့မှာ ဒီကနေ့ မြန်မာရွှေ့ပြောင်းလုပ်သားအယောက် ၃၀ စတင်ဝင်ရောက်လာပါတယ်။ 

သူတို့တွေဟာ ပွင့်ဖူးအောင် ဝန်ဆောင်မှုကုမ္ပဏီရဲ့စီစဉ်မှုနဲ့ ကော့သောင်းမှ ရနောင်းသို့ ရေလမ်းမှ ဝင်လာပြီး ချွန်းဖွန်းခရိုင် ဒူးရင်းသီးစက်ရုံမှာ အလုပ်သွားလုပ်ကြမယ်လို့ မြန်မာနိုင်ငံသားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီကနေ့မနက် ရနောင်းနဲ့ ကော့သောင်းကြား ရေလမ်းကြောင်းခရီးကနေ MOU လုပ်သား ၃၀ ဦး ဝင်လာပါတယ်ခင်ဗျ။ အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၁၀ ဦးပါ။ ပွင့်ဖူးအောင်မြန်မာ အေဂျင်စီနဲ့ ချိတ်ဆက်ပြီးတော့ ထိုင်းနိုင်ငံထဲ အလုပ်လုပ်ဖို့လာတာပါ။  ထိုင်းတောင်ပိုင်း ချွန်းဖွန်းမြို့ G and A Thai Fruit Co., Ltd  ဒူးရင်းသီးမုန့်စက်ရုံမှာ သွားလုပ်မယ်လို့ သိရတယ်၊ အစကတော့ ဒီကနေ့မှာ  ၂၀၀ ကျော်ဝင်မယ်လို့ သတင်းတွေထွက်ပေါ်ပြီး အခု ၃၀ ပဲ ဝင်တယ်ဆိုတော့ နောက်နေ့တွေ ဆက်ဝင်လာဦးမယ်လို့ ခန့်မှန်းရပါတယ်ခင်ဗျ။”

ကော့သောင်း- ရနောင်းလမ်းကြောင်းကနေ ဝင်ရောက်တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး မြဝတီ- မဲဆောက် လမ်းကြောင်းကနေတော့ ဒီမေလထဲမှာ ၁၁၁၅ ဦး ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။  

ထိုင်းနိုင်ငံရဲ့ အလုပ်သမား လိုအပ်ချက်အရ မြန်မာနိုင်ငံက အလုပ်သမားပေါင်း ၁ သိန်းခွဲကို ခေါ်ယူဖို့ demand letter ပို့ထားပေမဲ့ ဒီမေလထဲမှာ MOU လုပ်သားပေါင်း ၁၁၄၅ ဦးသာ ရောက်ရှိလာလို့ ဆင့်ပါးစပ် နှမ်းပက်သလို မဖြစ်စလောက်ကလေးသာ ရှိတယ်လို့ ဦးမိုးကြိုးက ပြောပါတယ် ။ 

တရားဝင်လမ်းကြောင်းကနေ အနည်းငယ်သာ ပို့ဆောင်နိုင်ပေမယ့် တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်သူတွေ ပိုများလာကြောင်း၊ ဒီလထဲမှာ တရားမဝင်မြန်မာ ၂၃၁၉ ဦးနဲ့ ပွဲစား ၂၁ ဦး အဖမ်းခံရတယ်လို့ ဆိုပါတယ်။ တရားမဝင်လမ်းကြောင်းကနေ ဝင်ခြင်းအားဖြင့် ငွေကုန်၊ လူပန်း၊ အဖမ်းခံရသလို အခန့်မသင့်က မတော်တဆထိခိုက်မှုဖြစ်ပြီး အသက်အန္တရာယ်ပါ ကြုံတွေ့နိုင်ကြောင်း၊ ဒီလ ၁၆ ရက်နေ့က ချိုင်းနတ်ခရိုင်ထဲမှာ  မဲဆောက်လမ်းကနေ ပြောင်းဖူး တင်ကား ၁ စီး နဲ့ လိုက်ပါသွားတဲ့ တရားမဝင်မြန်မာတွေ ကားထဲမှာ အသက်ရှုကြပ်ပြီး မြန်မာအမျိုးသမီး ၂ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ခုလိုအဖြစ်ဆိုးတွေမကြုံရအောင် သက်ဆိုင်ရာမြန်မာအလုပ်သမားဝန်ကြီးဌာနအနေနဲ့ တရားဝင်လုပ်သားစေလွှတ်ခြင်းကို လျင်မြန်ချောမွေ့စွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုကြောင်း ဦးမိုးကြိုးက ပြောသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013