DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
DVB
·
May 24, 2022
ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ မေ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးဒဏ်ရာ ရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ရေလယ်ကျွန်းဒေသ မြေတော်ရဲစခန်းက စျေးဝယ်ထွက်လာတဲ့ စစ်ကောင်စီရဲ့ ရဲ ၇ ယောက်ကို မေလ ၂၃ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ် ၄ ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၃ ယောက်သေဆုံးပြီး ၂ ယောက်အပြင်းထန်ဒဏ်ရာကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်ဖွဲ့ (YSO-ISA) ရဲ့ ခေါင်းဆောင်က ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့က ရိက္ခာပြတ်လို့ မြေတော်ရွာဘက်ကို စျေးဝယ်အောင်သွားခဲ့တယ်။ အဲဒီမှာ မြေတော်ရဲစခန်းက ရဲတွေ ကျနော်တို့နဲ့ မျက်နှာချင်းဆိုင် ပေ ၁၀၀ လောက်မှာ စျေးဝယ်နေတာ မြင်ရတယ်။ ကျနော်တို့ရဲ့ ပစ်ကွင်းထဲမှာ ပြည်သူတွေနဲ့ ရှုပ်နေတဲ့အခါကျတော့ စျေးဝယ်နေတာကို ကြည့်နေလိုက်တယ်။ စျေးဝယ်ပြီးအပြန် ထောင့်တထောင့်ကို ကွေ့ပြီဆိုမှ နောက်ကနေ လိုက်ပစ်လိုက်တာ။”

အဲဒီပစ်ခတ်မှုကြောင့် နေရာမှာတင် ရဲ ၃ ​ယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း၊ အဲဒီ ရဲတွေဆီကနေ G3 မောင်းပြန်သေနတ် ၂ လက်၊ ကျည်ဆန် ၃၅ တောင့်၊ ဗုံးသီး ၁ လုံး၊ ဖုန်း ၁ လုံးနဲ့ ပိုက်ဆံ ၃၁,၇၀၀ ကျပ် သိမ်းဆည်းရမိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ YSO-ISA ရဲ့ ခေါင်းဆောင်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို YSO-ISA၊ MGN-Tiger (မြင်းခြံ)၊ Black Wolf PDF-MDY၊ ပုဂံ-ညောင်ဦး PDF တို့ ညီနောင်မဟာမိတ် ၄ ဖွဲ့က ပူးပေါင်းပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

အလားတူ ရေစကြိုမြို့နယ်မှာ မေ ၂၃ ရက်နေ့ မနက် ၁၁ လောက်က အင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဆင်ချောင်းကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးပြီး ဒဏ်ရာရသူတွေရှိတယ်လို့  Young Force UG ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်သလို သူတို့ဘက်ကလည်း ပြန်ပစ်တယ်ဗျ။ နှစ်ဘက် ထိတွေ့တိုက်ပွဲ ၁ နာရီကျော်လောက် ကြာအောင် ဖြစ်ပွားခဲ့တယ်။ ကျနော်တို့ဘက်က လက်နက်ကြီးပိုင်းကို ကျောက်ထု PDF တပ်ရင်း(၂)က ဒုတပ်ရင်းမှူးက ကူညီပစ်ခတ်ပေးခဲ့တယ်။ အပြန်အလှန်တိုက်ပွဲကြားက ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

အဲဒီတိုက်ပွဲကို ပခုက္ကူ Young Force UG၊Earthquake UG၊RSO (ပခုက္ကူ)၊ King Cobra၊ URBAN(ရေစကြို)၊ သံမဏိသိန်းငှက်(မြိုင်) နဲ့ 27 Revolution Force တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် အဓိက လက်နက်ခဲယမ်းအကူအညီ လိုအပ်နေတယ်လို့ YSO-ISA ခေါင်းဆောင်က ပြောပါတယ်။

“စစ်(...) တွေနဲ့ ထိတွေတိုက်ပွဲ ဖြစ်ပွားတဲ့အခါ အဓိက လိုအပ်ချက်ကတော့ လက်နက်ခဲယမ်းပါပဲ။ မြေပြန့်ဒေသဖြစ်တဲ့အတွက် လက်နက်လမ်းကြောင်း အဝင်အထွက်လည်း ခက်ခဲတယ်။ ကျနော်တို့မှာ တိုက်ပွဲတပွဲ ဖြစ်တယ်ဆိုရင် ၂ ပွဲစာမရှိဘူး။ တိုက်ခိုက်လို့ နိုင်မှန်းသိရင်တောင် နောက်ထပ်စစ်ကြောင်း ပြန်ထိုးလာခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ဒုတိယပွဲအတွက် ကျည်ချွေတာရတယ်။ လက်လုပ်သေနတ်တွေကို အားထားပြီး တိုက်ပွဲဝင်နေရတာဖြစ်လို့ လက်လုပ်တွေရဲ့ ရောက်နိုင်တဲ့ အကွာဝေးထိအောင် အရဲစွန့်ပြီး ရှေ့တိုးခဲ့ရတာတွေရှိတယ်။ တခါတလေလည်း ပစ်ကွင်းထဲမှာ ဝင်ပေမယ့် ကျနော်တို့ရဲ့ လက်နက်တွေ စိတ်မချရလို့ လွှတ်ပေးလိုက်ရတာမျိုးတွေရှိတယ်။ အကူအညီတွေ လောက်လောက်ငင မရတာကြောင့် ပြောက်ကျားစနစ်နဲ့ဘဲ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားမယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကကို မေလ ၇ ရက်နေကနေ ၁၇ ရက်နေအထိ စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးကာ ပြည်သူတွေရဲ့ နေအိမ် ၁၅၀ ကျော်လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013