DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံရသူအားလုံးကို ပြန်လွှတ်ရန် ကမ္ဘာ့နိုင်ငံများက ထပ်မံတောင်းဆို 
DVB
·
April 22, 2026
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံရသူအားလုံးကို ပြန်လွှတ်ရန် ကမ္ဘာ့နိုင်ငံများက ထပ်မံတောင်းဆို 
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဆက်လက်ဖမ်းဆီးခံထားရသူတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ယူကေ၊ အမေရိကန်၊ သြစတြေးလျနဲ့ ဥရောပနိုင်ငံတွေက စစ်အာဏာရှင်ကို ထပ်မံတိုက်တွန်းလိုက်တယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ အကျဥ်းသားတချို့ကို လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ပေါ် ယူကေအစိုးရအနေနဲ့ အသိအမှတ်ပြုတဲ့အကြောင်း၊ တခြားသော အကျဉ်းသားတွေရဲ့ သတင်းကို စိုးရိမ်စွာနဲ့ စောင့်မျှော်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဆက်လက်ဖမ်းဆီးခံထားရသူ အားလုံးကို အမြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ရန်ကုန်ရှိ၊ ဗြိတိသျှသံရုံး အကြီးအကဲ  အန်ဒရူးဂျက်ဆင်က ဧပြီ ၂၂ ရက် ဒီကနေ့ ထုတ်ပြန်ပြောပါတယ်။

အန်ဒရူးဂျက်ဆင်က “ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူပြည်သားတွေ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်အတွက် ဆက်လက်ထောက်ပံ့သွားမှာ ဖြစ်တယ်။ ဒီရည်မှန်းချက်အတွက် အကြမ်းဖက်မှုတွေ ရပ်တန့်‌ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အပြည့်အဝရရှိနိုင်‌ရေးနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ဖော်ဆောင်နိုင်‌ရေးတို့ကို ယူကေအစိုးရက ဆက်လက်တောင်းဆိုတယ်” လို့ ပြောပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ ဗျူရိုလက်ထောက်ဝန်ကြီး ရီလေးဘားနက်စ်ကလည်း မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် သမ္မတ ဦးဝင်းမြင့်နဲ့  မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာတာကို  ကြိုဆိုတယ်လို့ ပြောပါတယ်။ 

အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက် လိုက်တွန်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဖြစ်စဉ်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့  ပြောပါတယ်။

အလားတူ သြစတြေးလျနိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားသဖြင့် ထိန်းသိမ်းခံထားရဆဲ အကျဥ်းသားတွေအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ အရပ်သားပြည်သူတွေ အပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

လိုအပ်နေသူအားလုံးကို ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိ ပေးဖို့၊ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးမှုလုပ်ဆောင်မဲ့ ကတိကဝတ်ပြုဖို့လည်း ထပ်လောင်းတောင်းဆိုထားပါတယ်။

သြစတြေးလျဟာ မြန်မာနိုင်ငံမှာ အခက်အခဲဒုက္ခတွေ လျော့ကျစေဖို့၊ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေ တိုးတက်စေဖို့နဲ့ ဆက်လက်ဖြစ်ပွားနေဆဲ အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ အဖြေကို ရှာဖွေရရှိနိုင်ဖို့အတွက် စစ်မှန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးဖို့ အသင့်ရှိတယ်လို့လည်း သြစတြေးလျသံရုံးက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒ ပြောရေးဆိုခွင့်ရှိသူ အနီတာ ဟစ်ပါ က တောင်းဆိုတယ်လို့ EU မြန်မာရုံးက ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာက ထိရောက်စွာ ဖိအားပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် အပါအဝင် အဖွဲ့အစည်း ၅၈ ဖွဲ့ကက  Blue Shirt ကမ်ပိန်း လုပ်ပြီးစုပေါင်း တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို  တောင်းဆိုတဲ့  “Proof of Life” လှုပ်ရှားမှုကိုလည်း  သူ့ရဲ့သားငယ်  ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ဦးဆောင် စတင်ပြုလုပ်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013