DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော်ကြာသည်အထိ ပြည်တွင်းဘဏ်လုပ်ငန်းအခြေအနေ ဆက်လက်ဆိုးရွားနေ
DVB
·
May 23, 2022
စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော်ကြာသည်အထိ ပြည်တွင်းဘဏ်လုပ်ငန်းအခြေအနေ ဆက်လက်ဆိုးရွားနေ
Donate to DVB

ပြိုလဲခါနီး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ပုဂ္ဂိလက ဘဏ်ကြီးတချို့ကို ဆက်လက်ရပ်တည်နိုင်ဖို့ ကူညီပေးခဲ့ရတယ်လို့ စစ်ကောင်စီက ပြောနေပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်တွေရဲ့အခြေအနေက ပိုဆိုးလာတာဖြစ်တယ်လို့ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ သုတေသီတွေက ပြောပါတယ်။ 

နေပြည်တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီးက ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီအနေနဲ့ ဘဏ်ကြီးတချို့ကို ဆက်လက်ရပ်တည်နိုင်ရေး ကူညီပေးခဲ့ရကြောင်းနဲ့ ဘဏ်ကြီးတချို့က ပြိုလဲခါနီးအခြေအနေအထိ ဖြစ်ခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြည်တွင်းဘဏ်တွေရဲ့ အခြေအနေက အာဏာမသိမ်းခင်ကတည်းက ကျပ်တည်းမှု ရှိနေတာ မှန်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်တွေရဲ့အခြေအနေက ပိုဆိုးလာတာလို့ စီးပွားရေးသုတေသီတွေက ထောက်ပြပြောပါတယ်။

ဘဏ်နဲ့ငွေကြေးဆိုင်ရာ စီးပွားရေးသုတေသီတဦးက “နဂိုကတည်းက အာဏာမသိမ်းခင်ကတည်းက ဘဏ်တွေက အခြေအနေ ဆိုးနေတာပါ။ အဲဒီလို အခြေအနေဆိုးရခြင်း အကြောင်းရင်းက အချက် ၂ ချက်ရှိတယ်။ အဲဒီ ၂ ချက်က သူတို့ ချေးရမယ့် ပမာဏထက် ပိုချေးထားတယ် (overdraft)ပေါ့။ နောက်တချက်က သူတို့ ချေးလိုက်တဲ့ ပိုက်ဆံတွေက  အကျိုးမရှိတဲ့ ဟာတွေ ဖြစ်နေတယ် (non performing loan)ပေါ့။ အဲဒါတွေက များနေတယ်။ ဒါကိုလည်း NLD အစိုးရလက်ထက်ကတည်းက ရှင်းပစ်ဖို့ပေါ့နော်။ ၂ နှစ်အတွင်းမှာ ရှင်းပစ်ပါဆိုပြီး လုပ်ခိုင်းထားတာကို မရှင်းနိုင်ဘူး ဖြစ်နေတယ်။ ဒီတော့ (ဘဏ်)သူတို့က ၃ နှစ် ခွင့်တောင်းတယ်လေ။ အဲဒါကလည်း ဘဏ်တွေမှာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ အဲဒီ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်လို့ NLD အစိုးရက ရှင်းခိုင်းတယ်။ အဲဒါတွေကလည်း များသောအားဖြင့် ဘဏ်ကြီးတွေက ကျူးလွန်ထားကြတာနော်။ ဒါပေမဲ့ အဲဒီအခြေအနေက NLD လက်ထက်မှာ ဘဏ်တွေ ယိုင်မလဲသွားသေးဘူး။ အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ ဘဏ်တွေက ပိုပြီးတော့ ယိုင်လဲသွားတယ်။ နဂိုကတည်းက အခြေအနေ ဆိုးနေ တာမှန်ပေမယ့် (စကစ)သူတို့ လုပ်လိုက်တော့ ပိုဆိုးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စီးပွားရေးပညာရှင်တဦးကလည်း “ကျနော်မြင်တာကတော့ သူတို့ ပေါ်လစီက ထုံးစံအတိုင်း ပိုပိုပြီးပြီးတော့ ဝင်ရောက်စွက်ဖက်လာတာ။ ဝင်ရောက်စွက်ဖက်တယ် ဆိုတဲ့နေရာမှာ အတိုင်းအတာ ရှိတယ်။ အတိုင်းအတာထက်ကျော် လွန်သွားပြီဆိုရင်တော့ လုံးဝပျက်စီးသွားပြီနော်။ နောက်တခါ အဲ့ဒါမျိုးက ကာလတိုပဲ ဖြစ်သင့်တာ။ ကာလရှည် မဖြစ်သင့်ဘူးနော်။ ဆိုတော့ ဒါက ကောင်းကျိုးထက် ဆိုးကျိုး  ပိုများနေတယ်။ နောက်တချက်က ဒီလို စီးပွားရေး ဘာသာရပ်တွေကို ကျွမ်းကျင်သူပညာရှင်တွေက ကိုင်တွယ် ဖြေရှင်းရင်တော့ ကောင်းတာပေါ့။ (စကစ)သူတို့ကတော့ ဒါတွေကို သိပ်နားလည်တာ မဟုတ်ဘူးနော်။ အမှန်တကယ် ဖြစ်သင့်တာက ပညာရှင်လိုင်းကနေ ဝင်ပြီးတော့ ကြပ်မတ် ထိန်းကျောင်း မယ်ဆိုရင် သင့်တော်တယ်လေ။ ဒါပေမဲ့ အဲ့ဒီဘာသာရပ်တွေကို မကျွမ်းကျင်ဘဲနဲ့ အုပ်ချုပ်ရေးနည်းလမ်းနဲ့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒနဲ့ လျှောက်လုပ်နေမယ်ဆိုရင် တလွှဲစီ ဖြစ်ကုန်မှာပေါ့။ ပြီးတော့ ပညာရှင်တွေကလည်း ပြောအား မရှိတော့ဘူးလေ။ ပညာရှင်တွေက လွတ်လွတ်လပ်လပ် ပြောခွင့်ရရင်တော့ ဟုတ်တာပေါ့။ သူတို့လက်အောက်မှာ လုပ်နေတဲ့ ပညာရှင်တွေကလည်း သူတို့ မျက်နှာကြည့် နေရတာပေါ့။ ကြောက်နေရတယ်ဆိုတော့ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ပြောလို့ ရတာမှ မဟုတ်တာ။ ယခင်တုန်း ကတော့ အစိုးရအဖွဲ့မှာရှိတဲ့ ပညာရှင်တွေရော ပြင်ပမှာရှိတဲ့ ပညာရှင်တွေရောက ပြဿနာ တခုဖြစ်လာလို့ရှိရင် လွတ်လွတ်လပ်လပ် ဝေဖန်သုံးသပ်ကြတာလေ။ အခုက အဲ့လို မရှိတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေဟာ ဘဏ်တွေအပေါ် အယုံအကြည် နည်းလာတဲ့ အကျိုးဆက်ကြောင့် ဘဏ်အကောင့်ထဲက မိမိတို့ရဲ့ ငွေတွေကို ထုတ်ယူဖို့ ကြိုးစားကြရာကနေ ဘဏ်တွေဟာ ငွေကြေး အကျပ်အတည်းနဲ့ ကြုံလာပါတော့တယ်။

ဒါကြောင့် ပြည်သူလူထုတွေဟာ ဘဏ်တွေမှာ ကိုယ်အပ်ထားတဲ့ငွေကို လိုသလောက် ပြန်လည်ထုတ်ယူလို့မရတာ  အချိန်တနှစ်ကျော်ရှိလာပြီဖြစ်ပြီး  စစ်ကောင်စီ အနေနဲ့ ဒီပြဿနာကို အခုအချိန်အထိ ကိုင်တွယ်ဖြေရှင်းပေးနိုင်တာမရှိသေးပါဘူး။ 

အာဏာသိမ်း စစ်ကောင်စီက ဒီအခြေအနေကို ဖြေရှင်းပေးမယ်လို့ အကြိမ်ကြိမ် ကတိပေးနေပေမယ့် လက်ရှိအချိန်အထိ အများပြည်သူတွေဟာ ATM စက်တွေကနေတဆင့် ငွေထုတ်ယူလို့ မရသေးသလို ဘဏ်တွေမှာ လူကိုယ်တိုင်သွားရောက် ထုတ်ယူတဲ့နေရာမှာလည်း သတ်မှတ်ထားတဲ့ ငွေပမာဏကို တကြိမ် ထုတ်ယူနိုင်ဖို့အတွက် ကန့်သတ်ချက်က များစွာ ရှိနေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013