Home
မြန်မာသတင်း
မွန်ပြည်သစ်ပါတီ (NMSP)နှင့် အာဏာသိမ်း စစ်ခေါင်းဆောင်တွေ့ဆုံ၊ စစ်အာဏာသိမ်းရသည့် သမိုင်းရှင်းပြ
DVB
·
May 23, 2022

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ မေလ ၂၃ ရက်က နေပြည်တော်မှာ တွေ့ဆုံပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့နဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲဖို့ကိစ္စတွေနဲ့ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

မွန်ပြည်သစ်ပါတီ  ပြောခွင့်ရ နိုင်အောင်မငေးက “ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့မှာ  အခြေမူချမှတ်ထားဖို့ ဒါကျနော်တို့ မြန်မြန်ဆန်ဆန်လုပ်ဖြစ်တယ်၊  နောက်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့အတွက်လည်း ဒါကို  မြန်မြန်ဆန်ဆန်လုပ်ပေးပါတယ်လို့ ကျနော်တို့ တင်ပြထားပါတယ်ခင်ဗျ။ နောက်တခုက ကျနော်တို့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့ အခါကျရင် ကျနော်တို့ မွန်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး မြန်မာအပါအဝင်ပေါ့နော် တိုင်းရင်းသားအားလုံးကိုလည်း ကျနော်တို့ လွတ်လွတ်လပ်လပ်ဆွေးနွေးခွင့်ပြုဖို့ ဒါကိုလည်း ကျနော်တို့ တင်ပြထားပါတယ်၊ ဒီအပေါ်မှာလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သဘောတူလက်ခံတယ်။”လို့ ပြောပါတယ်။ 

ဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ပြုလုပ်မယ့်အကြောင်းနဲ့ စစ်တပ်အာဏာသိမ်းရတဲ့ အခြေအနေတွေကို သမိုင်းကြောင်းနဲ့ချီပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီက ဒီတွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ အပါအဝင် နိုင်ငံရေးပါတီတွေကို လွတ်လွတ်လပ်လပ် တွေ့ဆုံဆွေးနွေးခွင့်ပေးဖို့၊ လက်ရှိနိုင်ငံရေး ပြဿနာ ဖြေရှင်းဖို့ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အကြုံပြုတင်ပြခဲ့ပါတယ်။

မွန်ကျောင်းသားအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့က ကန့်ကွက်နေတဲ့ကြားက မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ်အဖွဲ့ဟာ  စစ်ခေါင်းဆောင်နဲ့တွေ့ဆုံဖို့ မေလ ၂၂ ရက်က  မော်လမြိုင်မြို့မှ နေပြည်တော်သို့ မော်တော်ယာဉ်တွေနဲ့ သွားရောက်တာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ NMSP ဟာ အန်အယ်ဒီအစိုးရ လက်ထက် ပြီးခဲ့တဲ့ ၂၀၁၈ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လားဟူဒီမိုကရက်တစ် အစည်းအရုံးနဲ့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (အန်စီအေ) မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီက အခုလို စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားတက်တဲ့အပေါ် မွန်နိုင်ငံရေးသမားတွေနဲ့ မွန်လူထုအကြား အမြင်မတူ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ 

မွန်တိုင်းရင်းသူ တယောက်ကတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာဟာ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်သလို မွန်ပြည်သစ်ပါတီအနေနဲ့ တခြားရွေးချယ်စရာ နည်းလမ်းတွေ မရှိတော့ဘူးလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ PDF တွေအပြင် စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ မပါဝင်တာကြောင့် အောင်မြင်နိုင်စရာ ရှိဘူးလို့ ဆိုပါတယ်။

တခြားမွန်လူငယ် တစ်ဦးကလည်း စစ်ကောင်စီရဲ့ ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အယုံအကြည် မရှိတဲ့အတွက်ကြောင့် မွန်ပြည်သစ်ပါတီကို မတက်ရောက်စေချင်ဘူးလို့ မှတ်ချက်ပြုပါတယ်။

တခြားမွန်လူငယ်တစ်ဦးကတော့ မွန်ပြည်သစ်ပါတီအနေနဲ့ အခုလို အခွင့်ကောင်း အခါကောင်းနဲ့ ကြုံနေရတဲ့အချိန်မှာ တော်လှန်ရေး မလုပ်ရင် နောင်အနာဂတ်မှာ စစ်အာဏာရှင်ကို ဖြိုဖျက်နိုင်မှာ မဟုတ်ကြောင်းနဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ NUG ဒါမဟုတ် တိုင်းရင်းသားမဟာမိတ် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို တွန်လှန်းတိုက်ထုတ်သွားဖို့ လိုတယ်လို့တိုက်တွန်း ပြောပါတယ်။

ဒါပေမဲ့ ဒီဆွေးနွေးပွဲဟာ မွန်ပြည်နယ်တည်ငြိမ်းအေးချမ်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လမ်းစတခုအဖြစ် ရှုမြင်ကြသူတွေလည်းရှိပါတယ်။

မွန်တိုင်းရင်းသားတယောက်ကတော့ စစ်ကောင်စီနဲ့ တွေ့ဆုံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးအပေါ် ရလဒ်ကောင်း တစ်ခုထွက်ပေါ်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက် ရှိတယ်လို့ ပြောပါတယ်။

တိုင်းရင်းသားအရေးလေ့သာသုံးသပ်သူ ဒေါက်တာပညာမွန်ကတော့ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေသွားရောက် တွေ့ဆုံတာဟာ လေ့လာတဲ့ အဆင့်လောက်သာ ဖြစ်တယ်လို့ သုံးသပ်ပြောပါတယ်။

မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ အန်စီအေမူအတိုင်း လျှောက်လမ်းနေတဲ့အတွက်ကြောင့် စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရတာလို့ ဒီဗွီဘီကို ပြောထားပါတယ်။

ဒါ့အပြင် ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အားလုံးပါဝင်တဲ့  နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်လာအောင် ဖန်တီးပေးဖို့နဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေး အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်တွေ တင်ပြဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ အသံတိတ်နေတာ မဟုတ်ဘဲ လုပ်သင့် လုပ်ထိုက်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ မွန်အမျိုးသားစည်းလုံး ညီညွတ်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်နေတယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။

စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က စာရင်းပေးထားတာဖြစ်ပြီး  မွန်ပြည်သစ်ပါတီ (NMSP)   အဖွဲ့ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့ပြီးနောက် စစ်ခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံတဲ့ ဒုတိယမြောက်အဖွဲ့ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးဖို့ အပစ်ရပ်အဖွဲ့တွေ ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ - KNU/KNLA/PC)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO တို့ တက်ရောက်ဖို့ စာရင်းပေးထားပါတယ်။

ဒ့ါအပြင် အပစ်ရပ်အဖွဲ့တွေ မဟုတ်တဲ့ ၊ ဝပြည်သွေးစည်း ညီညွတ်ရေးတပ် UWSA ၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SAA) တို့ တက်ရောက်ဖို့ အမည်စာရင်း ပေးထားတာပါ။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမည်စာရင်းပေးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကို ၃ ရက်ခြား တစ်ဖွဲ့စီ တွေ့ဆုံသွားဖို့ စီစဉ်ထားသလို မေလ ၂၀ ရက်နေ့ကတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

PHOTO-MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024