DVB Logo
Home
Lead Story
အကြီးဆုံး နျူကလီးယားစွမ်းအင်စီမံကိန်း လုပ်ဆောင်နေတဲ့ ပါကစ္စတန်
DVB
·
March 19, 2014
အကြီးဆုံး နျူကလီးယားစွမ်းအင်စီမံကိန်း လုပ်ဆောင်နေတဲ့ ပါကစ္စတန်
Donate to DVB

ပါကစ္စတန်နိုင်ငံဟာ နျူကလီးယားကို တိုင်းပြည်ရဲ့အကြီးမားဆုံး စွမ်းအင်ရင်းမြစ်အဖြစ် လုပ်ဆောင်ဖို့ သန္နိဋ္ဌာန် ချထားပါတယ်။ ပါကစ္စတန်နိုင်ငံမှာ လက်ရှိလည်ပတ်ဆဲ နျူကလီးယားစက်ရုံ ၃ ရုံ ရှိထားပြီး နောက်ထပ် ၂ ရုံ ကိုလည်း စလည်ပတ်နေပါပြီ။

နျူကလီးယားဟာ ပါကစ္စတန်နိုင်ငံက နေ့စဉ်ဘ၀တွေအပေါ် အကျိုးသက်ရောက်မှု ရှိစေတဲ့ စွမ်းအင်ပြတ်တောက်ခြင်းကို ကုန်ကျစရိတ်နည်းနည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ အစိုးရက မျှော်လင့်ထားပါတယ်။

Pakistan_Nuclear_web_140315_672ကရာချိမြို့ပြင်လေးမှာတင် ရှိနေတဲ့ အဗ္ဗဒူလ် ရေမန် ဂို့သ် ရွာလေးဟာ နှစ်ရာနဲ့ချီ သက်တမ်းရှိတဲ့ တံငါရွာလေး ဖြစ်ပါတယ်။ ဒီအနီးအနားမှာ ဆောက်လုပ်နေဆဲ နျူကလီးယားစွမ်းအင်စက်ရုံ စလည်ပတ်နေတဲ့တိုင်အောင် ဒီနေရာက ဘ၀တွေကတော့ သိပ်အများကြီး မပြောင်းလဲသွားဘူးလို့ တံငါသည် အာမဒ် ဘာလို့ခ်က ပြောပါတယ်။

“ခု ဒီအနားမှာ ဆောက်လုပ်ဆဲ နျူကလီးယား စက်ရုံတွေနဲ့ပေါ့လေ။ ကျနော်တို့ကို ပင်လယ်လုံခြုံရေးဝန်ထမ်းတွေက ရေထဲမှာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့် မပေးကြဘူး။ ကျနော်တို့ ဘာလုပ်ရတော့မှာလဲ။”

နျူကလီးယား စွမ်းအင်စက်ရုံကို အကြမ်းဖက်တိုက်ခိုက်မှာ ကြောက်လန့်မှုတွေကြောင့် စက်ရုံအနားတ၀ိုက် လုံခြုံရေးတွေ အများကြီးချထားပြီး တံငါသည်တွေ ပင်လယ်ပြင် ငါးဖမ်းထွက်မှာကိုလည်း ပိတ်ထားလိုက်ပါတယ်။

တံငါသည်တဦးဖြစ်တဲ့ အီဗရာဟင်က “ခုလောလောဆယ် ငါးတွေလည်း လုံလုံလောက်လောက် မရှိတော့ပါဘူး။ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေအတွက် စိုးရိမ်နေရပါပြီ” လို့ ပြောပါတယ်။

ဒီနေရာက မိသားစုတွေကတော့ လျှပ်စစ်ဓာတ်အား သိပ်မသုံးကြပါဘူး။ ဒါပေမယ့် နိုင်ငံရဲ့ တခြားနေရာတွေမှာတော့ လျှပ်စစ်ကို တောင့်တနေကြတာပါ။ လျှပ်စစ်မီး လိုသလောက်မရလို့ အဓိကမြို့ကြီးတွေမှာ ၁၀ နာရီကြာလောက်အထိကို အမှောင်ထဲမှာ နေနေကြရပါတယ်။ လမ်းတွေပေါ်မှာတော့ လျှပ်စစ်မီးက အချည်းနှီး ဖြစ်နေတာပါ။

နျူကလီးယားသာလျှင် အဖြေပဲလို့ အစိုးရက ယူဆထားပါတယ်။

K1 နဲ့ K2 နျူကလီးယားစက်ရုံတွေရဲ့ စီမံကိန်းဒါရိုက်တာ အဇ်ဖှာ မင်ဟာ့ဂ်ျက “လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် ထောက်ပံ့ပေးနိုင်တဲ့ တခြား ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်ကလည်း ခုနှစ်ပိုင်းထဲမှာ မရှိသေးဘူးလေ” လို့ ပြောပါတယ်။

ဒါပေမယ့် လူအတော်များများကတော့ နျူကလီးယား ဘေးအန္တရာယ်ကို စိုးရိမ်ပူပန်နေပြီး ပါကစ္စတန် လုံခြုံရေး အခြေအနေနဲ့ ညံ့ဖျင်းဆိုးဝါးတဲ့ ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းတွေကိုလည်း ကြုံတွေ့နေရတာပါ။

ကရာချိက တက်ကြွလှုပ်ရှားသူများရဲ့ စုဝေးပွဲတခုမှာတော့ လူတွေ အာရုံစိုက်မှု အများဆုံးက ပါကစ္စတန်က နာမည်အကြီးဆုံး နျူကလီးယား ပညာရှင် ဒေါက်တာ ပါဗေးဇ် ဟူ့ဒ်ဘွိုင်ပါပဲ။ အခု သူဟာ နျူကလီးယား စွမ်းအင်ကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတခုကို ဦးဆောင်နေတာပါ။

ဒေါက်တာ ပါဗေးဇ် ဟူ့ဒ်ဘွိုင်က “ဂျာမနီနဲ့ ဆွစ်ဇာလန်တို့လို ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ နျူကလီးယားစက်ရုံတွေကို ဖျက်သိမ်းပစ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ဒီ ပါကစ္စတန်နိုင်ငံနဲ့ အိန္ဒိယ၊ ဆော်ဒီအာရေးဘီးယား၊ ဘင်္ဂလားဒေ့ရှ်တို့မှာတော့ နျူကလီးယားစက်ရုံတွေကို ပိုပြီး မြန်မြန် ဖွံ့ဖြိုးချင်နေကြတယ်။ နျူကလီးယား စက်ရုံတွေဟာ မတော်တဆ ဖြစ်စရာအကြောင်း လုံးဝ မရှိပါဘူးလို့ ခင်ဗျားတို့ ဘယ်တော့မှ ၁၀၀ ရာခိုင်နှုန်း မသေချာနိုင်ပါဘူးလေ။ ဂျပန်နိုင်ငံက ဖူကူရှီးမား နျူကလီးယား ဘေးအန္တရာယ်က ကျနော်တို့အတွက် သိပ်ရှင်းတဲ့ ဥပမာတခုပါပဲ” လို့ ပြောပါတယ်။

နျူကလီးယားစွမ်းအင် စက်ရုံလည်ပတ်သူတွေကတော့ ဒီစိုးရိမ်ပူပန်မှုတွေကို မှိန်ပျောက်သွားအောင် ကြိုးစားနေကြပါတယ်။

နျူကလီးယားစက်ရုံတွေရဲ့ စီမံကိန်းဒါရိုက်တာ အဇ်ဖှာ မင်ဟာ့ဂ်ျက ဒီစက်ရုံတွေဟာ တရုတ်နည်းပညာ အကူအညီနဲ့ ဘေးကင်းပါတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို အအေးခံပေးတဲ့ ရေတွေကို စက်ရုံကနေ အပြင်ကို ဘယ်တော့မှ စွန့်ထုတ်မှာ မဟုတ်ပါဘူး။ ဘေးကင်းလုံခြုံအောင် အာမခံနိုင်တဲ့ အကာအကွယ်တွေလည်း အများကြီး ရှိမှာပါ။”

ဝေဖန်ရေးဆရာတွေကတော့ လက်မခံကြပါဘူး။ လတ်တလော တိုင်းပြည်မှာရှိတဲ့ လျှပ်စစ်ဓာတ်အားကို စီမံခန့်ခွဲတာ ညံ့ဖျင်းနေတာလို့ သဘာဝပတ်ဝန်းကျင်ပညာရှင် အလီ အာဆာလန်က ပြောပါတယ်။

“ကျနော်တို့မှာ အခု အံ့သြစရာ အခြေအနေ ရှိနေတာပါ။ ပင်မလျှပ်စစ် ဓာတ်အားပေး စက်ရုံတွေနဲ့ ဆက်ထားတဲ့ ဓာတ်အားလိုင်းကွန်ရက်မှာ အနည်းဆုံး ဓာတ်အား ၃၀ ရာခိုင်နှုန်း ဆုံးရှုံးနေတာပါ။ ဘာလို့လဲဆိုတော့ ဓာတ်အားလိုင်းက ကီလိုမီတာ ၁၀၀၀ ကျော်ကို သွားတာဗျ။ ဓာတ်အားဖြန့်ဖြူးရေးစနစ်ကတော့ ဆိုးပါတယ်။ ခုပဲ ၃၀ ရာခိုင်နှုန်းကို စိတ်ကူးကြည့်လိုက်ပေါ့။ ခင်ဗျား ဒါကိုသာ အလေအလွင့် မရှိအောင် လုပ်နိုင်မယ်ဆိုရင် နောက်ထပ် ထုတ်လုပ်နေစရာ မလိုဘူးလေ။”

ခုချိန်မှာတော့ တံငါသည်တွေဟာ နျူကလီးယား ဘေးအန္တရာယ်နဲ့ သူတို့ရဲ့ ငါးတွေအပေါ် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေအကြောင်း စဉ်းစားမနေကြပါဘူး။ သူတို့အဓိက စိတ်ပူကြတာကတော့ သူတို့ကို လုံခြုံရေးက ပင်လယ်ပြင်ကို သွားခွင့် မပေးတာကိုပါပဲ။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ရှာဒီခန် ဆေအိဖှ်က အဗ္ဗဒလ် ရေဟာမန် ဂို့သ် ရွာလေးကနေ သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013