DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့က စက်သုံးဆီဆိုင်ကြီးအချို့ ဆီပြတ်တောက်
DVB
·
May 21, 2022
မန္တလေးမြို့က စက်သုံးဆီဆိုင်ကြီးအချို့ ဆီပြတ်တောက်
Donate to DVB

မန္တလေးမြို့က စက်သုံးဆီဆိုင်ကြီးတချို့မှာ အခုရက်ပိုင်း စက်သုံးဆီ ပြတ်တောက်နေတယ်လို့ မန္တလေးမြို့ခံတွေထံက သိရပါတယ်။

တချို့ဆီဆိုင်တွေမှာ 92 အမျိုးအစား စက်သုံးဆီသာရပြီး တချို့ဆီဆိုင်တွေမှာ 92 ရော 95 အမျိုးအစား စက်သုံးဆီပါ မရှိတော့တာကြောင့် ခေတ္တ အရောင်းရပ်နားထားကြတယ်လို့ သိရ ပါတယ်။ 

လက်လီရောင်းချတဲ့ ဆိုင်ကြီးတွေမှာ စက်သုံးဆီပြတ်တောက်မှု အနည်းငယ်ရှိလာပြီဖြစ်သလို ဈေးနှုန်းကလည်း မြင့်တက်လက်စဖြစ်နေတဲ့အတွက် မန္တလေးက အငှားယာဉ် မောင်းသူတွေဟာ အခက်အခဲကြုံတွေ့နေရပါတယ်။

မန္တလေးမြို့နေ အငှားယာဉ်မောင်းတစ်ဦးက"ကားသမားတွေဘက်ကလည်း ဆီဖိုးအတွက်ပဲ ကုန်နေရသလို ဖြစ်နေတယ်လေ"လို့ ပြောပါတယ်။

မန္တလေးမြို့တွင်းမှာတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက စက်သုံးဆီပြတ်တောက်နေတာဖြစ်ပြီး ဆီဆိုင်ဝန်ထမ်းတချို့ကို မေးမြန်းရာမှာ စက်သုံးဆီကား မဝင်သေးတဲ့အတွက် မရရှိသေးကြောင်းနဲ့ ဘယ်အချိန်မှာ စက်သုံးဆီရရှိမယ် ဆိုတာကိုလည်း မသိဘူးလို့ဆိုပါတယ်။ 

စက်သုံးဆီရရှိတဲ့ဆိုင်တွေမှာတော့ ဆီပန့်ကောင်တာကို အနည်းငယ်စီသာဖွင့်လှစ်ထားပြီး ဆီရောင်းချပေးနေတာကြောင့် ဆီထည့်လိုတဲ့ ယာဉ်တချို့ တန်းစီစောင့်‌ဆိုင်းနေကြရပါတယ်။

လတ်တလောမှာ စက်သုံးဆီဈေးနှုန်း ကြီးမြင့်နေတဲ့အပြင် စက်သုံးဆီပြတ်တောက်မှု ပိုမို ဆိုးဝါး လာပါက သယ်ယူပို့ဆောင်ရေး ရပ်တန့်သွားမယ်လို့ အငှားယာဉ်မောင်းသူတွေက ပြောပါတယ်။ လတ်တလောမှာ ခရီးသည် သယ်ယူပို့ဆောင်တဲ့ကားတွေ၊လိုင်းကားတွေ အခက်အခဲ ဖြစ်လာ တယ်လို့ သိရပါတယ်။

စက်သုံးဆီဈေး ဆက်လက်မြင့်မားနေပြီး စက်သုံးဆီ ပြတ်လပ်မှု အခြေအနေတွေ ပိုဆိုးလာပါက မှောင်ခိုဆီရောင်းချတာ၊ စက်သုံးဆီကို ခွဲတမ်းနဲ့ ဝယ်ရတာ၊ဆီအရည်အသွေး နိမ့်တာတွေ ဖြစ်လာနိုင်ပြီး မော်ဒယ်မြင့် ကားတွေ ဒုက္ခရောက်လာမယ်လို့ မော်တော်ယာဉ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်၊၊

စက်သုံးဆီဈေး ကြီးမြင့်လာသလို ဆီပြတ်တောက်မှုတွေကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေလည်း ရေရှည်ရပ်တည်ဖို့ ခက်ခဲလာမယ်လို့လည်း မန္တလေးမြို့ခံတွေက ဆိုပါတယ်။

မန္တလေးမြို့ခံ တစ်ဦးက "တချို့ဆိုင်လေးတွေဆိုရင် သိပ်လူမစည်တဲ့နေရာတွေဆိုရင် မီးစက် မဖွင့်တော့ဘူးပေါ့နော်၊မီးစက် မဖွင့်ပေးဘူး၊စားသောက်ဆိုင် တချို့ ဘာညာပေါ့နော်၊လူ သိပ်များတဲ့ ဆိုင်ကြီးတွေကလွဲရင် မီးစက်မဖွင့်ပေးတော့ဘူး၊နောက် ဒုက္ခရောက်မှာက နောက်ထပ် အကြီးအကျယ် ထပ်ပြီးတော့ ကုန်ကျစားရိတ်ကို တောင့်ခံနိုင်ဖို့မလွယ်မှာက ဟိုတယ်တွေ၊ ဟိုတယ်‌ဆိုတာမျိုးကျတော့ ရပ်လို့မရဘူး၊ခရီးသွားလုပ်ငန်းမှာလေ၊ခရီးသွားလုပ်ငန်းဆိုတော့ ဝန်ဆောင်မှု နဲ့ သွားတာဆိုတော့ ရပ်တဲ့ ဟိုတယ်တွေ၊မီးစက်မပေးနိုင်တဲ့ ဟိုတယ်တွေ ရှိလာမယ်။ ရန်ကုန်မှာလည်း ရှိနေပြီ။ မန္တလေးမှာလည်း ရှိနေပြီ၊အဓိကကတော့ ပိုက်ဆံအကုန်အကျခံနိုင်ပြီး တော့ မီးစက်ကို မောင်းနိုင်တယ်ဆိုရင်တောင်မှ ဆီကလွယ်လွယ်ကူကူ ဝယ်မရတော့ဘူး ၊အဲဒီလို အခြေအနေမျိုးတွေလေ"လို့ ပြောပါတယ်။

အခုရက်ပိုင်း မန္တလေးမြို့မှာ လျှပ်စစ်မီးပြတ်တောက်ချိန်ဟာ နေ့ခင်းပိုင်းမှာ ပိုမိုများပြား လာကာ တစ်ရက်ကို လေးနာရီခြား တစ်ခါ၊ ရှစ်နာရီခြား တစ်ခါ လျှပ်စစ်မီး ရတာမျိုးတွေ ဖြစ်နေသလို မီးလာချိန် မမှန်ကန်ဘူးလို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ လတွေကတည်းက လျှပ်စစ်မီး ရရှိမှု အလွန်နည်းပါးလာတာကြောင့် စားသောက်ဆိုင်၊ ဟိုတယ်နဲ့ အခြား လုပ်ငန်းတချို့ဟာ ကိုယ်ပိုင်မီးစက်နဲ့ လည်ပတ်နေကြရတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလက နိုင်ငံတဝန်း စက်သုံးဆီပြတ်တောက်တော့မယ်ဆိုတဲ့ ကောလာဟလကြောင့် မန္တလေးမြို့က စက်သုံးဆီဆိုင်တွေမှာလည်း သုံးရက်လောက် အလုအယက်ဝယ်ယူခဲ့ကြပါတယ်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းကတော့ စက်သုံးဆီ ပြတ်လပ်မယ့် သတင်းတွေဟာ သတင်းအမှားတွေသာဖြစ်တယ်လို့ မေ ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။ 

စက်သုံးဆီသင်္ဘောတွေဟာ အဆက်မပြတ်ဝင်ရောက်နေကြောင်း မေ ၂၀ ရက်ကတည်းက တန်ချိန်ပေါင်း ၁၆၄၀၀ သယ်ဆောင်လာတဲ့ MT Beluga Pacific သင်္ဘော၊  တန်ချိန်ပေါင်း ၁၇၂၀၀ သယ်ဆောင်လာတဲ့ MT Yu Hai သင်္ဘော၊ တန်ချိန်ပေါင်း ၁၈၂၀၀ သယ်ဆောင်လာတဲ့ MT Yu Dong သင်္ဘော၊ တန်ချိန်ပေါင်း ၂၀၀၀၀  သယ်ဆောင်လာတဲ့ Aberlour သင်္ဘောတွေဟာ ဆိပ်ကမ်းတွေမှာ ဆီချနေသလို ပင်လယ်ဝမှာလည်း သင်္ဘော ၄ စီး ထပ်မံဆိုက်ရောက်လာပြီလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013