ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ဇီနဒင်း ဇီဒန်းကို ပြင်သစ်လက်ရွေးစင်အသင်းရဲ့ နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်လိုက်ပါတယ်။
ဒါဟာ ဇီဒန်းအတွက် ၅ နှစ်ကြာ နားနေပြီးနောက် နည်းပြလောကထဲ ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။
သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ ရာထူးကနေ နုတ်ထွက်မယ်လို့ ကြေညာထားတဲ့ နည်းပြ ဒီဒီယာ ဒက်ချမ့်စ်ရဲ့ နေရာကို ဆက်ခံမှာပါ။
ဇီဒန်းရဲ့ ခန့်အပ်မှုက လျှို့ဝှက်ချက်မဟုတ်ဘဲ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ဇီဒန်းကတော့ ပြီးခဲ့တဲ့ လေးငါးနှစ်အတွင်း တခြားအသင်းတွေဆီက ကမ်းလှမ်းမှုများစွာ ရခဲ့ပေမဲ့ အားလုံးကို ငြင်းပယ်ခဲ့တယ်လို့ ပြောပါတယ်။
“လက်ရွေးစင်အသင်းကသာ ကျနော်လိုချင်တဲ့ တခုတည်းသော အရာပါ” လို့ သူက စိတ်လှုပ်ရှားစွာ ပြောခဲ့တာပါ။
သူဟာ အသင်းကို မတူညီတဲ့ပုံစံနဲ့ ဦးဆောင်သွားမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အရင်နည်းပြ ဒက်ချမ့်စ်ရဲ့ လုပ်ဆောင်မှုတွေကိုလည်း ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောပါတယ်။










