DVB Logo
Home
မြန်မာသတင်း
ပြင်ပ ဒေါ်လာပေါက်ဈေး ၂,၀၉၀ ကျပ် ဝန်းကျင်ထိ မြင့်တက်
DVB
·
May 20, 2022
ပြင်ပ ဒေါ်လာပေါက်ဈေး ၂,၀၉၀ ကျပ် ဝန်းကျင်ထိ မြင့်တက်
Donate to DVB

ဗဟိုဘဏ် သတ်မှတ်ဈေး အမေရိကန်တဒေါ်လာ ၁,၈၅၀ ကျပ်ဖြစ်ပေမဲ့ ပြင်ပ အရောင်းအဝယ် ဈေးကွက်မှာတော့ မေ ၂၀ ရက် ဒီကနေ့မှာ တဒေါ်လာကို ၂,၀၉၀ ကျပ်ဝန်းကျင်ထိ မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့တပတ်က ပြင်ပအရောင်းအဝယ်ဈေးကွက်မှာ အမေရိကန် တဒေါ်လာကို မြန်မာငွေကျပ် ၂,၀၅၀ ဝန်းကျင်ရှိခဲ့ပြီး ဒီနေ့မှာတော့ အခုလို ၂,၀၉၀ ကျပ်အထိ ဈေးတက်လာတာ ဖြစ်ပါတယ်။

အခုလို ငွေလဲနှုန်း မြင့်တက်လာပေမဲ့လည်း ပြင်ပဈေးကွက်မှာ ဒေါ်လာဝယ်ယူရ ခက်ခဲတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒေါ်လာနဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

ပြည်တွင်း ငွေလဲကောင်တာတခုရဲ့ ပြောကြားချက်အရ ရုတ်တရက် ဈေးနှုန်းကွာဟချက် ပြောင်းလဲမှုကြောင့် ဒေါ်လာ လာရောက်ရောင်းချသူမရှိ ဖြစ်နေပြီး ဝယ်ယူလိုသူတွေကို ပြန်လည်ရောင်းချပေးဖို့ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

ပြင်ပ တရားဝင် ငွေလဲကောင်တာတွေမှာ အမေရိကန် တဒေါ်လာကို ဝယ်ဈေး ၁,၈၅၀  ကျပ်၊ ရောင်းဈေး ၁၈၅၅ ကျပ်လို့ ကြေညာထားကြပေမဲ့ ငွေလဲကောင်တာရှေ့အရောက် ဈေးနှုန်းနဲ့သာ အမှန်တကယ် အရောင်းအဝယ် ပြုလုပ်ကြောင်းလည်း အသိပေးထားကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်က အမေရိကန်တဒေါ်လာကို ကျပ်ငွေ ၁,၃၀၀ ဝန်းကျင်သာ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေဈေး ဆက်တိုက် ကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ပိုင်းမှာ ပြင်ပပေါက်ဈေး တဒေါ်လာ ၂,၇၀၀ ကျော်အထိ စံချိန်တင် အမြင့်ဈေး ရောက်ရှိခဲ့ပါတယ်။

ဒေါ်လာဈေးနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ စံချိန်တင် ဆက်တိုက်ထုတ်ရောင်းခဲ့ပြီး ဒေါ်လာအသုံးပြုမှု လျှော့ချနိုင်ဖို့အတွက် သွင်းကုန်တွေအပေါ် မူဝါဒချ ကန့်သတ်ခဲ့ပါတယ်။

ဒါ့အပြင် နယ်စပ်ဂိတ်တွေမှာ နိုင်ငံအလိုက် ငွေကြေးတွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်လဲလှယ် အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။

အဲဒီနောက် ပြည်ပကနေ လိုင်စင်ရဘဏ်တွေဆီ ဝင်လာတဲ့ နိုင်ငံခြားသုံးငွေတွေကို အလုပ်လုပ်ရက် တရက်အတွင်း ကျပ်ငွေနဲ့ လဲလှယ်ရောင်းချရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို ဧပြီ ၃ ရက်နေ့မှာ ဗဟိုဘဏ်က ထုတ်ပြန်လာခဲ့ပြီး ဒီညွှန်ကြားချက်ကြောင့် ဒေါ်လာအသုံးပြုမှုရှိနေတဲ့ လုပ်ငန်းကဏ္ဍတွေကို ဂယက်ရိုက်သွားစေခဲ့ပါတယ်။

စစ်ကောင်စီက အမေရိကန် တဒေါ်လာကို မြန်မာငွေ ၁,၈၅၀ ကျပ်အဖြစ် နှုန်းသေ သတ်မှတ်လိုက်ပြန်ပါတယ်။ ဒါပေမဲ့ လက်တွေ့ မြေပြင်မှာ ပြင်ပပေါက်ဈေးနဲ့သာ အရောင်းအဝယ်တွေကို ဆောင်ရွက်ကြတာဖြစ်လို့  ဆေးဝါး၊ လူသုံးကုန် အပါအဝင် ဒေါ်လာနဲ့ ဝယ်ယူတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေ ပြည်တွင်းမှာ ဈေးနှုန်း မြင့်တက်နေဆဲ ဖြစ်ပါတယ်။

ဆေးဝါးအရောင်းဆိုင် ဝန်ထမ်းတဦးက “ဈေးတွေ ထပ်တက်ဖို့ ရှိပါတယ်။ အရင်သွင်းထားပြီးသားတွေ မတက်ပေမဲ့ ထပ်သွင်းလာတဲ့၊ ထပ်ရောက်မယ့် ဆေးတွေက ဈေးထပ်တက်ဖို့ ရှိတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်း အဆမတန် မြင့်တက်တဲ့ဒဏ်၊ အလုပ်အကိုင်၊ ဝင်ငွေကျဆင်းပြီး စီးပွားရေးကျပ်တည်းမှုဒဏ်ကို ပြည်သူတွေ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013