DVB Logo
Home
Lead Story
“ကျနော်တို့ရဲ့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်တယ်” အေအေ ပြောခွင့်ရ ခိုင်သုခ
DVB
·
May 20, 2022
“ကျနော်တို့ရဲ့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်တယ်” အေအေ ပြောခွင့်ရ ခိုင်သုခ
Donate to DVB

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့  ပြောဆိုချက်တွေဟာ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်တယ်လို့  ရက္ခိုင့်တပ်တော် အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။

နေပြည်တော်မှာ မေလ ၁၉ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ရခိုင်မှာ အခုဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြဿနာတက်လာရင် တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ ပြောချင်ပါတယ်”လို့ ပြောကြားခဲ့တာပါ။

ဒီသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ကြားထားပါတယ်။

အပြည့်အစုံ—

ပြည်သူအပေါ်ခြိမ်းခြောက်မှု 

“မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်တွေကို ခြုံပြီးသုံးသပ်ကြည့်မယ်ဆိုရင် ကျနော်တို့ရဲ့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်တယ်။ တခုခုဖြစ်လာပြီဆိုရင် မြန်မာစစ်တပ်ကို အဆိုးမဆိုနဲ့ဆိုတဲ့စကားကို ကျနော်တို့ တွေ့တယ်။ ဒါက ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်သလို တခုခုဖြစ်လာရင် ပြည်သူတွေကို လူမျိုးတုံး သတ်ဖြတ်ပစ်မယ်ဆိုတဲ့ သူတို့ မြန်မာစစ်တပ်ရဲ့ အစီအစဉ်ကို တိုက်ရိုက်ရည်ညွှန်းပြီး ဖော်ပြနေတယ်လို့ ကျနော်ကတော့ အဲဒီလိုပဲ သုံးသပ်တယ်။”  

အယုံအကြည်မရှိ 

“နောက်တခု ရှိတာက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်တွေမှာ ပြည်သူတွေကို နစ်နာမှာစိုးလို့ သူတို့ စစ်မတိုက်ဘူးဆိုတာကတော့ ဒါဟာ ဘယ်ပြည်သူမှလည်း အယုံအကြည်ရှိမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတာ မြန်မာစစ်တပ်က ဘယ်တုန်းကမှ ပြည်သူတွေကို ထည့်တွက်ခဲ့တာ မဟုတ်ဘူး။ ပြည်သူတွေ နစ်နာမှာစိုးလို့ သူတို့ စစ်မတိုက်ဘူးဆိုတာက ဒါဟာ လုံးဝယုတ္တိမရှိတဲ့ အကြောင်းပြချက်တခုပဲ ဖြစ်တယ်။ မြန်မာစစ်တပ် လုပ်ခဲ့တဲ့ သမိုင်းတလျှောက်ကို ပြန်ကြည့်ရင် သူတို့ စစ်မတိုက်ချင်ရင်လည်း အကြောင်းအမျိုးမျိုး ပြမှာပဲ။ စစ်တိုက်ချင်ရင်လည်း အကြောင်းအမျိုးမျိုးပြပြီး သူတို့ ဖြစ်အောင် တိုက်မှာပဲ။ အခုလည်း သူတို့ အကြောင်းအမျိုးမျိုးပြပြီး အာဏာသိမ်းထားတာပဲ။ ဒါတွေကို သုံးသပ်ကြည့်ရင် မြန်မာစစ်တပ်က ပြည်သူတွေ နစ်နာမှာစိုးလို့ သူတို့ စစ်မတိုက်ဘူးဆိုတာကတော့ ဒါဟာ ယုတ္တိမတန်တဲ့ စကားလုံးပဲ ဖြစ်တယ်။ မြန်မာစစ်တပ်အနေနဲ့ ဘယ်ခေတ်နဲ့မှ မတူအောင် အကျပ်အတည်းတွေကို ရင်ဆိုင်နေရတာဖြစ်လို့ ဒီလို စကားမျိုး သူတို့ ပြောနေတာလို့ ကျနော်ကတော့ သုံးသပ်တယ်။”

စစ်ပွဲထက်ဆိုးသည့် အကျပ်အတည်း 

“စစ်ပွဲဖြစ်ရင် ပြည်သူတွေ နစ်နာမယ်ဆိုတာကတော့ ထမင်းစားတဲ့သူတိုင်း သိတဲ့ကိစ္စဖြစ်တယ်။ အခုက စစ်မဖြစ်ဘဲနဲ့ ကျနော်တို့ ရခိုင်ပြည်သူတွေကို ငတ်ပြတ်အောင် လုပ်နေတာက ပိုပြီးခံရခက်တယ်။ အခုက ကျနော်တို့ ရခိုင်ပြည်ထဲမှာ စစ်ဖြစ်နေတာထက် ပိုပြီးဆိုးဝါးတဲ့ ငတ်ပြတ်မှုတွေ၊ စီးပွားရေးအကျပ်အတည်းတွေ၊ ရခိုင်ပြည်ကလူတွေ အလုပ်အကိုင်မရှိတာတွေ၊ ကုန်ပစ္စည်းတွေ အဆမတန် ဈေးတက်တာတွေကြားမှာ အမျိုးမျိုး ခံနေရတာတွေဟာ အများကြီး အခက်အခဲ ဖြစ်လာနေတယ်။ ဒီဟာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ မကြိုးစားဘဲ လုံခြုံရေးတွေ ပိုပြီးတင်းကျပ်လာတာက မြန်မာစစ်တပ်ဟာ ဘယ်ဘက်ကို ဦးတည်ပြီးသွားနေသလဲဆိုတာ အားလုံးသိတဲ့ကိစ္စ ဖြစ်တယ်။”

အပြောနဲ့အလုပ်လွဲမှားနေ

“နောက်တခုကတော့ နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ ပြောတာကတော့ ငြိမ်းချမ်းရေးပေါ့။ အောက်ခြေမှာတော့ ထိပ်တိုက်တွေ့ရေး၊ ပြည်သူတွေကို အကျပ်အတည်းတွေ့ရေး တောက်လျှောက် ဦးတည်ပြီးလုပ်နေတာတွေ တွေ့ရတယ်။ အထက်က ပြောတာနဲ့ အောက်ခြေက လုပ်နေတာတွေဟာ တလွဲစီ ဖြစ်နေတာ ကျနော်တို့ တွေ့ရတယ်။ ဒါတွေဟာ ပိုပြီးသံသယဖြစ်စရာကိစ္စတွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ မြန်မာစစ်တပ်ဘက်က ဘယ်လိုစကားလုံးမျိုးတွေ ပြောနေတယ်ဆိုတာထက် မြန်မာစစ်တပ်ဘက်က ဘာတွေ လုပ်နေသလဲဆိုတာ ကျနော်တို့ မြင်အောင်ကြည့်ပြီး လက်တွေ့ကျကျ အလုပ်လုပ်သွားမှာ ဖြစ်တယ်။ လက်ရှိအခြေအနေကတော့ အကောင်းဘက်ကို ဦးတည်နေတာထက် အဆိုးဘက်ကို ရွေးနေတယ်လို့ ကျနော်တို့က သုံးသပ်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013