DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် RCSS/ SSA ဥက္ကဋ္ဌတို့ နေပြည်တော်တွင်တွေ့ဆုံ
DVB
·
May 20, 2022
အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်   RCSS/ SSA ဥက္ကဋ္ဌတို့  နေပြည်တော်တွင်တွေ့ဆုံ
1 / 7
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့   မေလ ၂၀ ရက်  ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးကို အန်စီအေအပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပထမဆုံးအဖွဲ့အနေနဲ့ တက်ရောက်တာဖြစ်ပါတယ်။  

မနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲထိ အချိန် ၂ နာရီကြာ ဆွေးနွေးခဲ့ပြီး သူ့ဘက်ကိုယ့်ဘက်ဖြစ်ချင်တာတွေ ပြောဆိုဖလှယ်ရာမှာ နှစ်ဘက်လုံးက ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်သွားဖို့ တူညီတဲ့ဆန္ဒရှိကြောင်း RCSS /SSA ပြောခွင့်ရ ဒုဗိုလ်မှုးကြီး အုမ်ခေးက ဒီဗွီဘီကို ပြောပါတယ်။ 

“နှစ်ဘက်လုံးအတူတူကတော့ နံပါတ် ၁ ကတော့ ငြိမ်းချမ်းရေးကိုမဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ချင်တယ်ဆိုတဲ့ဟာကတော့ အတူတူဖြစ်တာပေါ့ ၊ နံပါတ် ၂ ကျတော့ ယုံကြည်မှုတွေတည်ဆောက်ကြမယ်၊ ယုံကြည်မှုရလာတဲ့အခါကျမှဘဲ နိုင်ငံရေးကိစ္စတွေ ဆက်လက် ဆွေးနွေးကြမှာပေါ့နော်၊ တချို့ကတော့ ပြောမှာပေါ့ ငြိမ်းချမ်းရေးတည်ဆောက်တယ်၊ ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ  ဟိုးအရင်ခေတ်ကတည်းက ခုထိပဲ ၊ အပြောပဲ ဆိုတာမျိုးပေါ့ ၊ ဒါပေမဲ့ အခုယုံကြည်မှုတည်ဆောက်တာမှာ အပြောနဲ့ဘဲမဟုတ်ဘူးပေါ့နော်၊ လက်တွေ့ကျကျ ဆောင်ရွက်ကြမယ်ဆိုတဲ့အမြင်တော့ နှစ်ဘက်လုံးမှာရှိပါတယ်”

တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်ဖို့ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်တို့ဘက်က လိုက်လျောနိုင်သလောက် အကောင်းဆုံးဆောင်ရွက်ပေးမယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးမှုမရှိဘဲ တဘက်နဲ့တဘက်ဆက်လက်တိုက်ခိုက်သတ်ဖြတ်နေရင် ပြီးဆုံးမှာ မဟုတ်ကြောင်း ၊  RCSS  အနေနဲ့ အဲဒါမျိုးကိုလည်း မလိုလားကြောင်း ဒုဗိုလ်မှုးကြီး အုမ်ခေးက ပြောသွားပါတယ် ။ 

ဒီကနေ့တွေ့ဆုံမှုမှာ RCSS ဘက်က ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်ပြီး အဖွဲ့ဝင်အဖြစ် ဒုဗိုလ်မှူးကြီးစိုင်းငင်း နဲ့ ဗိုလ်မှူးကြီး ရှောင်းဟန်တို့ ပါဝင်ပါတယ်။ 

ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုညှိနှိုင်းရေးကော်မတီတို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆက်လုပ်သွားဖို့ရှိနေပါတယ်။ 

RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဆွေးနွေးပွဲတက်ရောက်ဖို့  မနေ့ကတည်းက တာချီလိတ်ကနေ  နေပြည်တော်ကို လေကြောင်းနဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်နဲ့တွေ့ဆုံဖို့အတွက် စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့  ၁၀ ဖွဲ့က စာရင်းပေးထားပြီး  ၃ ရက်ခြား တစ်ဖွဲ့စီတွေ့ဆုံသွားဖို့ အစီအစဉ်ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013