DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု အကြမ်းဖက်ပစ်သတ်မှုကြောင့် ကျဆုံးသူ ၁၈၅၀ နှင့် ဖမ်းဆီးခံရသူ ၁၃၇၀၀ ကျော်လာ
DVB
·
May 20, 2022
စစ်အုပ်စု အကြမ်းဖက်ပစ်သတ်မှုကြောင့် ကျဆုံးသူ ၁၈၅၀ နှင့် ဖမ်းဆီးခံရသူ ၁၃၇၀၀ ကျော်လာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူအယောက် ၁,၈၅၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၇၅၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၁၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၇၀၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၀၇၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၆၈ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၉ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၀၉ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၅၇၀ ထက်မနည်းရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ဟင်္သာကန်ကျေးရွာက ကိုဇော်မင်းထွန်းကို ရဲတပ်ဖွဲ့ဝင်တွေက ပေါင်းတည်မြို့က သူ့ရဲ့ဇနီးဖြစ်သူ ကွမ်းယာဆိုင်မှာ မေ ၁၈ ရက် နေ့လယ် ၁ နာရီလောက်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပြီး နောက်တရက်မေ ၁၉ ရက်မှာတော့ ကိုဇော်မင်းထွန်းရဲ့ ရုပ်အလောင်းကို မိသားစုကို ခေါ်ပြခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ရုပ်အလောင်းကိုတော့ မိသားစုဆီ ပြန်လည်ပေးအပ်ခြင်းမရှိသေးကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ဧပြီ ၃၀ ရက်နေ့ကတည်းက ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာနေထိုင်တဲ့ မနွေးရတနာနွယ်ဟာ မေ ၁၃ ရက်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံခဲ့ရကြောင်း သိရှိရပါတယ်။ မနွေးရတနာ နွယ်ဟာ ကိုယ်ဝန် သုံးလကျော် လွယ်ထားရပြီး သူ့ရဲ့မောင်ဖြစ်သူ မူဆယ်ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကို ဖမ်းဆီးရမိခြင်းမရှိတာကြောင့် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်း ကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013