DVB Logo
Home
မြန်မာသတင်း
လိပ်သိုတိုက်ပွဲတွင် သေဆုံးဒဏ်ရာရ စစ်သားများသယ်ယူရန် ဒေသခံများကို အဓမ္မခိုင်းစေ
DVB
·
May 20, 2022
လိပ်သိုတိုက်ပွဲတွင် သေဆုံးဒဏ်ရာရ စစ်သားများသယ်ယူရန် ဒေသခံများကို အဓမ္မခိုင်းစေ
Donate to DVB

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ အလယ်ချောင်းကျေးရွာအုပ်စု မိုင်းလွန်အလယ်ကျေးရွာနဲ့ အောက်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ အလောင်းတွေနဲ လူနာတွေကို သယ်ဆောင်ဖို့ စစ်ကောင်စီတပ်က ကျေးရွာသားတွေကို ဖမ်းဆီးပြီး အတင်းအဓမ္မခိုင်းစေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁၃ ရက် က  စစ်ကောင်စီရဲ့ လိပ်သိုအခြေစိုက် ခမရ ၆၀၃ တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ၁ ရက်အတွင်းတိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်သားအလောင်း ၄ ကို တပ်စခန်းအထိ ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ရသလို ဒဏ်ရာရ လူနာ ၄ ဦးကို ခမရ ၆၀၃ တပ်ရင်းအထိ ထမ်းပိုးပြီး အတင်းအဓမ္မ ပို့ဆောင်စေခဲ့တာပါ။

ဖမ်းဆီးခံရတဲ့ ဒေသခံကျေးရွာသားတဦးက “ကျနော်က အရင်ဆုံးအဖမ်းခံရတာ။ ၆ ယောက်ပါသွားတယ်။ တောမှာမြစ်ချိုးတဲ့ ကောင်လေးပါဆို ၇ ယောက်။ ပြေးနိုင်တဲ့သူက ပြေး၊ မပြေးနိုင်တဲ့သူက ထမ်းရတာပေါ့” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့သလို ၄ ဦးဒဏ်ရာရရှိခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျေးရွာတွေအနီး အင်အားတိုးစစ်ရေးလှုပ်ရှားတာ၊ နေ့စဉ်လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာ၊ ကျေးရွာအတွင်း လာရောက် ဖမ်းဆီးမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် မိုင်းလွန်အလယ်ကျေးရွာက အိမ်ခြေ ၇၇ လုံး၊  လူဦးရေ ၄၀၀ ကျော်၊ မိုင်းလွန်အောက်ကျေးရွာက အိမ်ခြေ ၁၁၀ လုံး၊ လူဦးရေ ၅၀၀ ကျော်ဟာ ဥယျာဉ်ခြံတွေ၊ ဆွေမျိုးတွေရှိရာ  လိပ်သိုမြို့နဲ့   တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

KNU တပ်မဟာ ၂၊ နယ်‌မြေတာဝန်ခံ ပဒိုစောကြည်စိန်ထွဋ်က “အခုက သက်ဆိုင်တဲ့ လူတွေကိုမလုပ်ဘဲ ပြည်သူလူထုရဲ့အိုးအိမ်တွေကို မီးရှို့တာတော့ မကောင်းဘူး။ ကုလားမနိုင်ရခိုင်မဲ တဲ့ ပုံစံမျိုး။ ဒါကြောင့် ပြည်သူလူထုရဲ့ အသက်နဲ့ပတ်သက်ပြီး တော်တော်လေးစိုးရိမ်မိတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီရဲ့ ဇလဲ၊ မိုင်းလွန်၊ အလယ်ချောင်းတပ်စခန်းတွေကို စနိုက်ပါနဲ့ ပစ်ခတ်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်တွေက ညဘက်ကြီး လမ်းလုံခြုံရေးရယူတာ၊ လမ်းဘေးဝဲယာတလျှောက်က ဥယျာဉ်ခြံလုပ်ကိုင်နေသူတွေကို လာရောက်စစ်ဆေးရာမှာ သေနတ်နဲ့ ရိုက်နှက်တာ၊ လက်နှောက်ပြန် ကြိုးတုပ်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့  ခြံလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်(တောင်ငူ၊လွိုင်ကော်လမ်း) ကို ဆက်သွယ်သွားလာနေတဲ့ ကားလမ်းပိုင်းမှာ စစ်ကောင်စီရဲ့တပ်တွေက စစ်ရေးလုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် KNLA၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲတွေနဲ့ မကြာခဏ နှစ်ဖက်တိုက်ပွဲ‌တွေ ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013