DVB Logo
Home
Lead Story
မာနစေရာ အတိတ်ရဲ့ အကျဉ်းသား
DVB
·
March 19, 2014
မာနစေရာ အတိတ်ရဲ့ အကျဉ်းသား
Donate to DVB

ခရိုင်းမီးယားကို ဗလာဒီမာပူတင်က ထိန်းချုပ်လို့ ရကောင်းရမယ်။ ဒါပေမယ့် ၁၉ ရာစု နည်းဗျူဟာက ရုရှားအတွက် ကောင်းသော နိမိတ်တော့ မဟုတ်ပါဘူး။

ခရိုင်းမီးယားအရေးကိုကြည့်ရင် ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ လူနှစ်မျိုးနှစ်စား ရှိတယ်ဆိုတာကို သတိပေးနေတယ်။ အတိတ်ကို ရေးကြီးခွင်ကျယ်လုပ်နေတဲ့ ခေါင်းဆောင်နဲ့ အနာဂတ်ကို မျက်နှာမူထားတဲ့ ခေါင်းဆောင်တို့ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အရင်က ရှင်းရှင်းလင်းလင်း မရှိသေးရင် အခုတော့ ရှင်းလောက်ပါပြီ။ ဗလာဒီမာပူတင်လို လူမျိုးဟာ အတိတ်ရဲ့ အကျဉ်းသားဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံ ဒီထက် ပိုဆင်းရဲတွင်း နက်သွားပေလိမ့်ဦးမယ်။

[caption id="attachment_53425" align="alignright" width="300"]ရုရှသမ္မတ ဗလာဒီမာပူတင် (အလယ်) ရုရှသမ္မတ ဗလာဒီမာပူတင် (အလယ်)[/caption]

အမြင်နဲ့ သုံးသပ်ချက် အာဘော်တွေမှာ ရုရှားနဲ့ ခရိုင်းမီးယား ကြားထဲမှာ ရှေးပဝေသဏီကတည်းက နီးစပ်မှုရှိတဲ့ ဇာတ်လမ်းတွေကို ကြားရပါလိမ့်မယ်။ ပထမတော့ ရုရှားက ခရိုင်းမီးယားကို အော်တိုမန် အင်ပါယာ လက်ထဲကနေ မရအရ လုယူခဲ့တယ်။ ရုရှား တန်ခိုးတက်နေတဲ့ အချိန်ရဲ့ သက်သေ အထောက်အထားဖြစ်ပါတယ်။ ဒီလိုနဲ့ ရုရှားအတွက် တခါမှ မရဖူးတဲ့ အရာကို တခါတည်း ရလိုက်တယ်။ အဲဒါကတော့ ဘယ်တော့မှ ရေမခဲတဲ့ ဆိပ်ကမ်း၊ မြေထဲပင်လယ်က တဆင့် ပိုကျယ်ပြန့်တဲ့ ကမ္ဘာဆီ ထွက်ပေါက် ရလိုက်ပါတယ်။

ရုရှားရဲ့ ပင်လယ်နက်စစ်စခန်း အခြေစိုက်တဲ့ စီဗက်တိုပို ဆိပ်ကမ်းမြို့ဟာ ထိပ်တန်းအကောင်းဆုံးစာရင်းဝင် သဘာဝ ဆိပ်ကမ်းတခုဖြစ်သလို သမိုင်းကြောင်းရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။ ၁၈၅၄ ခုနှစ်မှာ ခရိုင်းမီးယား စစ်ပွဲမှာ အလုံးအရင်းနဲ့ ၀ိုင်းရံပိတ်ဆို့ခံခဲ့ရတယ်။

နောက်ထပ် ၁၀ နှစ်အကြာမှာ စီဗက်တိုပိုမြို့ကို အလယ်ရောက်သွားတဲ့ အမေရိကန် စာရေးဆရာကြီး မခ်တွင်းက “ရောမမြို့ပျက်ကြီး ပွမ်ပေးမြို့ကတောင် စီဗက်တိုပိုမြို့လောက် အခြေအနေ မဆိုးပါလား” လို့ မှတ်ချက်ပြုခဲ့ဖူးပါတယ်။ ခရိုင်းမီးယားစစ်ပွဲမှာ ရုရှားက စစ်ရှုံးခဲ့ပေမယ့် စီဗက်တိုပို မြို့ကိုတော့ လက်လွှတ်မခံခဲ့ပါဘူး။ စီဗက်တိုပိုမြို့ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းနဲ့ နောက်ထပ် နှစ်တရာနီးပါးအကြာ (၁၉၄၄) မှာတော့ နာဇီတွေ လက်ထဲကျရောက်နေခဲ့တဲ့ ခရိုင်းမီးယား ဒေသတခုလုံးကို ရုရှားက ပြန်ရလိုက်ပါတယ်။

၁၉၅၄ မှာ ထူးခြားဆန်းကြယ်တဲ့ ကံကြမ္မာအလှည့်အပြောင်းလို့ပဲ ဆိုရပါမယ်။ ဆိုဗီယက် ၀န်ကြီးချုပ် နီကီတာ ခရုရှက်က ခရိုင်းမီးယားကို ယူကရိန်းဘက်ကို လက်ဆောင်ပေးခဲ့တယ်။ ဆိုဗီယက်ပြည်ထောင်စုကြီးထဲမှာပဲ လက်ပြောင်းလက်လွှဲ လုပ်ခဲ့တာပါ၊ ခရုရှက်က ဒီလို ဘာကြောင့် လုပ်ခဲ့မှန်း အခုထိလည်း ရှင်းရှင်းလင်းလင်းမရှိလှပါဘူး။ ခရုရှက်ဟာ ယူကရိန်းမှာ ငယ်ရွယ်တဲ့ ကွန်မြူနစ်ခေါင်းဆောင်တယောက်အနေနဲ့ အမှတ်ရစရာ ဖြစ်ခဲ့တယ်။ လွှဲပေးခဲ့တဲ့ အချိန်ကလည်း ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ နှစ် ၃၀၀ ပြည့်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။

ဘာဖြစ်ဖြစ် သေချာသလောက်ရှိတဲ့ ပိုပြီး အရေးကြီးတဲ့အကြောင်းက ခရိုင်းမီးယားရဲ့ ဌာနတိုင်းရင်းသားတွေ ဖြစ်တဲ့ တာတာမျိုးနွယ်စုတွေကို စတာလင်က အတင်းမောင်းထုတ်ခဲ့တယ်။ လူမရှိဘဲ ခြောက်ကပ်နေတဲ့ ဒေသထဲကို ယူကရိန်းတွေကို ပို့ပြီး အစားထိုးခဲ့တယ်။ ခရိုင်းမီးယားကို ယူကရိန်းရဲ့ အစိတ်အပိုင်းလို့ လုပ်ပစ်လိုက်တဲ့နောက်ပိုင်းမှာ လူတွေ ပြောင်းရွှေ့မှုကို အရှိန်မြှင့်ပေးရာ ရောက်ခဲ့တယ်။

ဘာအကြောင်းကြောင့်ပဲ ဖြစ်ပါစေ။ အကျိုးဆက်တွေကတော့ အဓွန့်ရှည်ပြီး မယုံနိုင်စရာ အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပါတယ်။ ခရိုင်းမီးယားဟာ တရားဝင်အရ၊ နိုင်ငံရေးအရ ရုရှားရဲ့ အပြင်ဘက်မှာလို့ ယေဘုယျပြောနိုင်ပေမယ့် ခရိုင်းမီးယားမှာ လူများစုဟာ ရုရှားတွေ ဖြစ်ပါတယ်။ ရုရှားအစိုးရကလည်း အဖနိုင်ငံတော်ရဲ့ တစိတ်အပိုင်းတရပ်အနေနဲ့ပဲ အစွဲအလမ်းရှိနေပါတယ်။

ဒါတွေက သမိုင်းအကျဉ်းပါ။ ဟင်နရီဖို့ဒ် စကားနဲ့ ပြောရရင်တော့ “သမိုင်းဆိုတာက တောက်တီးတောက်တဲ့ကိစ္စပါ”။ ဒီလို ပြောလို့ သမိုင်းဆိုတာကို အရေးမကြီးဘူးလို့ မဆိုလိုပါဘူး။ သူ့စကား အတိအကျက “သမိုင်းဆိုတာ အနည်းနဲ့အများတော့ တောက်တီးတောက်တဲ့ကိစ္စပါဗျာ။ ဟိုးပဝေသဏီက ကိစ္စတွေ။ တကယ်တော့ ကျုပ်တို့အတွက် ကလီရှေးတွေ မလိုပါဘူး။ ပစ္စုပ္ပန်ကပဲ ပိုအရေးကြီးပါတယ်။ နည်းနည်းပါးပါး အရေးကြီးတယ်လို့ ပြောလို့ရတဲ့ သမိုင်းကိစ္စကတော့ ကျုပ်တို့တွေ ဒီနေ့ ဖန်တီးနေကြတဲ့ သမိုင်းလောက်ပဲ ရှိပါတယ်”။

ဒီနေ့ ခေါင်းဆောင်တွေ ဖန်တီးနေကြတဲ့ သမိုင်းဆိုတာ ပထ၀ီနယ်မြေနဲ့ မဆိုင်သလောက် ဖြစ်သွားပါပြီ။ အတိတ်ရဲ့ အနှောင့်အဖွဲ့တွေနဲ့လည်း မပတ်သက်တော့သလောက်ပါပဲ။ ၁၉၆၅ ခုနှစ်မှာ စင်ကာပူကို မလေးရှားက ခွဲထုတ်လိုက်တဲ့အချိန်မှာ ကျွမ်းကျင်သူတွေက သေးသေးမွှားမွှား၊ ဗွက်ထူထူ မြို့ကလေးကတော့ဖြင့် ရေလယ်ခေါင်မှာ မျက်စိသူငယ်နဲ့ လွတ်လပ်တဲ့ နိုင်ငံအနေနဲ့ ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့ စင်ကာပူဟာ ကမ္ဘာထိပ်တန်း ကုန်သွယ်ရေးရဲ့ အချက်အခြာ ဒေသတွေထဲက တခု ဖြစ်နေပါပြီ။ တဦးချင်း ၀င်ငွေက တချိန်က ကိုလိုနီပြုခဲ့တဲ့ ဗြိတိသျှထက်တောင် သာပါတယ်။ အကြောင်းကတော့ လီကွမ်ယုက သမိုင်းရဲ့ အရေးမလှတဲ့ ကိစ္စတွေကို ရှည်ရှည်ဝေးဝေး တွေးတောမနေဘဲ အနာဂတ်ကိုပဲ မျက်နှာမူခဲ့လို့ ဖြစ်ပါတယ်။

တရုတ်ပြည်မကြီးမှာ ကွန်မြူနစ်တော်လှန်ရေးအောင်မြင်သွားတဲ့အခါ တရုတ်အမျိုးသားရေး ၀ါဒီတွေဟာ ကမ္ဘာကြီးရဲ့ စွန့်ပစ်ခံဘ၀မျိုးနဲ့ ကျွန်းငယ်လေးတကျွန်း သောင်တင်နေခဲ့ကြတယ်။ သယံဇာတဆိုလို့ဗလာနတ္တိ၊ တည်နေရာအရ ဟိုမရောက်ဒီမရောက် မရေမရာဆိုတော့ တော်တော်များများက ဒီလူတွေတော့ ရှင်သန်နိုင်မှာ မဟုတ်ဘူးလို့ ယူဆခဲ့ကြတယ်။ အခုဆိုရင် ထိုင်ဝမ်ဟာ နှစ် လေးဆယ်လုံးလုံး ကမ္ဘာမှာ စီးပွားရေးတိုးတက်မှု အလျင်မြန်ဆုံးနှုန်းနဲ့ ချီတက်နေပါတယ်။ ပထ၀ီဒေသဆိုတာကို သောကပွားမနေဘဲ အပြိုင်အဆိုင်စိတ်ဓာတ်နဲ့ ကျားကုတ်ကျားခဲ ကြိုးပမ်းမှုရဲ့ရလဒ်ဖြစ်ပါတယ်။ ရ၀မ်ဒါ နိုင်ငံမှာ သမ္မတ ပေါ်လ် ကာဂိမ်းက အာဏာရလာတဲ့အချိန်မှာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သမိုင်းမှာ မကြုံစဖူး လူမျိုးတုံးသတ်ဖြတ်မှု ဒဏ်ရာတွေ ဗရပွနဲ့ပေါ့။ ရ၀မ်ဒါဟာ ကုန်းတွင်းပိတ် နိုင်ငံလေးလည်း ဖြစ်နေပြန်၊ ပထ၀ီ နိုင်ငံရေး ရှုထောင့်က ကြည့်ရင် အကျိုးကျေးဇူးခံစားရဖို့ နေနေသာသာ အိမ်နီးချင်း ဒီမိုကရက်တစ်ကွန်ဂိုသမ္မတ နိုင်ငံမှာ သွေးထွက်သံယို စစ်မက်လည်း ဖြစ်နေသေးတယ်။ ဒါပေမယ့် သမ္မတ ကာဂိမ်းက အတိတ်ရဲ့ အကျဉ်းသား အဖြစ်မခံဘဲ အနာဂတ်ကိုပဲ မျက်နှာမူခဲ့တယ်။ ရလဒ်ကတော့ အာဖရိက နိုင်ငံငယ်လေးဟာ သမိုင်းဒဏ်ရာတွေကို တဖက်မှာ ကုစားရင်း ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေနိုင်ပါပြီ။

တဖက်မှာ အတိတ်ရဲ့ အကျဉ်းသားတွေလည်း ရှိပါတယ်။ ပထ၀ီနဲ့ သမိုင်းထဲမှာ ပိတ်မိနေတဲ့ ပါကစ္စတန် ဗိုလ်ချုပ်ကြီးတွေကို ကြည့်ပါလား။ တိုင်းပြည်က ပျက်စီးခြင်းလမ်းဆုံးကို ရောက်နေတာတောင် မဟာဗျူဟာမြောက် နယ်စပ်ဒေသ (Strategic Depth) ဆိုပြီး အတွေးခေါင်နေကြတုန်းပဲ။ အာဖဂန်နစ္စတန်က တချို့ဒေသတွေကို ထိန်းထားနိုင်ရေးဟာ ပါကစ္စတန်အတွက် မဟာဗျူဟာအရ အရေးကြီးတယ်ဆိုတဲ့ အယူအဆနဲ့ အာဖဂန် တာလီဘန်တချို့ကို ထောက်ပံ့ပေးနေတယ်။

ပူတင်ကို ကြည့်လိုက်ပါဦး။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ စကားနဲ့ ပြောရရင် နှစ်ဆယ်တစ်ရာစုမှာ ဆယ့်ကိုးရာစု ကစားပွဲမျိုးကို ကစားနေတယ်။ ခရိုင်းမီးယားကိုတော့ ရချင်ရမယ်။ နောက်ဆက်တွဲ ဘာတွေ အကျိုးရှိမှာလဲဆိုရင် ယူကရိန်းကို လက်လွှတ်လိုက် ရပြီလေ။ ယူကရိန်း ပြည်သူတွေက မော်စကိုအပေါ် သံသယ နက်ရှိုင်းသွားပြီ၊ ခရိုင်းမီးယား ဒေသထဲမှာတောင် ရုရှားမဟုတ်ဘဲ လူဦးရေ ၄၀ ရာခိုင်နှုန်းက မငြိမ်မသက်နဲ့ မကျေမနပ် ဖြစ်နေဖို့ များပါတယ်။ အိမ်နီးချင်းတွေကလည်း သတိထားစောင့်ကြည့်ကုန်ကြပြီ။ ပိုလန်နဲ့ တချိန်က နွေးထွေးတဲ့ ဆက်ဆံရေးလည်း အေးခဲသွားတော့မယ်။ ဥရောပ၊ အမေရိကန် ပြည်ထောင်စုတို့နဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်စေမှာလည်း အမှန်ပဲ။ ဒဏ်ခတ်ပိတ်ဆို့မှုကိစ္စက နောက်တပိုင်းပါ။

ဒီကြားထဲမှာ ရုရှားဟာ ရေနံနဲ့ကျားကန်ထားတဲ့ အာဏာရှင်နိုင်ငံလမ်းကြောင်းအတိုင်းပဲ ခရီးဆက်နေတယ်။ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးရေးကိုလည်း လှည့်မကြည့်၊ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးဗဟုဝါဒ ထွန်းကားရေးတို့ လမ်းစပျောက်နေတယ်။ အဲဒီတော့ မော်စကိုက ခရိုင်းမီးယား ဒေသကို ထိန်းချုပ်နိုင်လိုက်ပါပြီတဲ့။ ဒီနေ့ ခေတ်ကမ္ဘာကြီးမှာ ဒါကို တကယ့်အောင်ပွဲအဖြစ် သတ်မှတ်လို့ ရသလား။
(Fareed Zakaria, Looking Back in Anger, Time, March 17, 2014)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013