DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်းပေါင်း ၅၀၀ ကျော် မိုင်းခွဲ၊ မီးရှို့ခံရဟု စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီးပြော
DVB
·
May 19, 2022
စာသင်ကျောင်းပေါင်း ၅၀၀ ကျော် မိုင်းခွဲ၊ မီးရှို့ခံရဟု စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီးပြော
Donate to DVB

မြန်မာနိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ စာသင်နှစ်က  မိုင်းခွဲ၊ မီးရှို့ခံခဲ့ရတဲ့  စာသင်ကျောင်းပေါင်း ၅၀၄ ကျောင်းရှိပြီး ဆရာ၊ ဆရာမ ၃၇ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက မေလ ၁၉ ရက် ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ ၁၄ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ပြီးခဲ့တဲ့ စာသင်နှစ်မှာတော့ အကြမ်းဖက်သမားများရဲ့ နှောင့်ယှက်ဖျက်ဆီးမှုကြောင့် မိုင်းထောင် မိုင်းခွဲ မီးရှို့ဖျက်ဆီးခံရတဲ့ စာသင်ကျောင်းပေါင်း ၅၀၄ ကျောင်းရှိပါတယ်။ ဆရာ၊ ဆရာမ ၃၇ ဦး သေဆုံးခဲ့ပါတယ်။ အခုလည်း ကျောင်းတွေ မဖွင့်ခင်ကတည်းက ခြိမ်းခြောက်မှုတွေ စတင် လုပ်ဆောင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။”

စာသင်ကျောင်းတွေကို မိုင်းတွေထောင်၊ ဘန်ကာတွေဆောက်ပြီး အခြေချနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တကယ်တမ်း မြေပြင်သတင်းတွေမှာတော့ စစ်ကောင်စီတပ်တွေဟာ  စာသင်ကျောင်းတွေ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းပါမချန် မြို့ရွာတွေကို မီးရှို့ဖျက်ဆီးနေတာ တွေ့ရသလို မူကြိုအရွယ် ကလေးကိုပါ ဖမ်းဆီးနေပါတယ်။

မြို့ပေါ်စာသင် ကျောင်းတွေမှာလည်း စစ်ကောင်စီတပ်တွေက  ဘန်ကာတွေဆောက်လုပ် တပ်စွဲ စခန်း ချထားတာတွေပြုလုပ်တာလည်း ရှိနေပါတယ်။  

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆောင်ရွက်နေတဲ့ ပညာရေးအစီအစဉ်တွေနဲ့ ပတ်သက်ပြီး  စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီးက ဝေဖန်တိုက်ခိုက် စွပ်စွဲပြောဆိုတာတွေ သတင်းစာရှင်းလင်းပွဲမှာ ပြုလုပ်ခဲ့ပါတယ်။

“ပညာရေးနဲ့ပတ်သက်ပြီး ပြည်သူတွေအားလုံး သတိထားကြဖို့ ပြောလိုတာ ပြလိုတာလေးတခု ရှိပါတယ်။ ဒီဘက်မှာတော့ ကျောင်းတွေ မတက်ဖို့ ပြောကြတယ်။ တဖက်မှာ သူတို့ဘက်က ပညာသင်ပေးနေတယ်ဆိုပြီး လုပ်တယ်။ အဲဒီအထဲမှာ ဘာမြှုပ်ကွက်တွေရှိသလဲဆိုတာကို ကျနော်တို့ ကြည့်ရင် တွေ့နိုင်ပါလိမ့်မယ်။”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုပြီး  ဗွီဒီဖိုင်တခု ဖွင့်ပြခဲ့ပါတယ်။

စစ်ကောင်စီက ဖြတ်တောက်ပြီး ပြသတဲ့ ဗွီဒီယိုမှာတော့ Free Online Educational Institution Myanmar နဲ့ Islamic Organisation Myanmar တို့ကို လမ်းညွှန်ပြောဆိုထားပါတယ်။ ဒီအဖွဲ့တွေက အွန်လိုင်းကနေ အခမဲ့သင်ကြားနိုင်ပြီး ဘာသာရပ်ပေါင်းစုံကို သင်ယူနိုင်တယ်လို့ ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ IOM Islamic Organisation Myanmar ကိုပဲ အဓိကထား ပြောဆိုပါတယ်။

“သူ ပြောသွားတဲ့ IOM ဆိုတဲ့အကြောင်းလေးပေါ့နော်။ ဒါ ဟိုဘက်မှာရောက်နေတဲ့ PDF တခု ဖြစ်ပါတယ်။ IOM ဆိုတဲ့ဟာကို ကျနော် နာမည်ရွတ်မပြတော့ဘူး။ ဖတ်ကြည့်ပေါ့။ ဘာဆိုတာ ဖတ်ကြည့်ပေါ့။ အဲကနေ ပညာသင်ကြားမယ်လို့ သူပြောပါတယ်။ ပါဝင်မည့် သင်ခန်းစာများ။ ကုရ်အာန်၊ အုရ်ဒူဘာသာစကား၊ အာရဗီဘာသာစကား။ နောက်ကဟာတွေ ဆက်ဖတ်ကြည့်လိုက်။ ဒါဆိုရင် သူတို့ပြောနေတဲ့ ပညာသင်ကြားမှုဆိုတာ ဘာကို ဆိုလိုတာလဲ” လို့ ပြောပါတယ်။

IOM ရဲ့ ဖေ့စ်ဘွတ်ခ်မှာတော့ သူတို့ဟာ မြန်မာနဲ့ နိုင်ငံတကာသင်ရိုးအတန်းစုံကို အွန်လိုင်းကနေ သင်ကြားပေးနေသလို ကွန်ပျူတာ၊ အင်္ဂလိပ်စာလို ဘာသာစကားတွေကိုလည်း သင်ကြားပေးနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အစ္စလာမ် ဘာသာရေးအတန်းမှာ သင်ကြားမယ့် ဘာသာရေးသင်ခန်းစာတွေကိုသာ ထောက်ပြပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဒီလိုအကြောင်းတွေ သင်ကြားပေးနေတယ်ဆိုတဲ့ပုံစုံ ပြောဆိုစွပ်စွဲတာပါ။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ စာသင်ကြားဖို့ကို အနှောင့်အယှက်ပေးနေသလို ကျောင်းတွေမှာ အခြေချတယ်လို့လည်း စွပ်စွဲပြောဆိုပါတယ်။ 

မြန်မာနိုင်ငံတဝန်းစာသင်ကျောင်းတွေမှာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့  ဆရာ ဆရာမတွေ ပညာရေးဝန်ထမ်းတွေက အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသလို ကျောင်းသား ကျောင်းသူတွေကလည်း ကျောင်းမတက်ဘဲ ဆန့်ကျင်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013