
နေပြည်တော်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမယ့်ကျောင်းသူနဲ့ ကျောင်းသားတွေ စာစစ်ဌာနနဲ့ နီးတဲ့ ဘုန်းကြီးကျောင်းတွေမှာ နေပြီး စာမေးပွဲဖြေဆိုနေရပါတယ်။
နေပြည်တော်ရဲ့ကျေးရွာတွေမှာ စာစစ်ဌာန မပေးထားတဲ့အတွက် ကျေးရွာအုပ်စုက တက္ကသိုလ်ဝင်တန်းဖြေမယ့် ကျောင်းသူကျောင်းသားတွေဟာ စာစစ်ဌာနရှိတဲ့ နီးစပ်ရာ မြို့နယ်တွေကို သွားပြီး စာမေးပွဲ ဖြေဆိုနေရတာ ဖြစ်ပါတယ်။
စာစစ်ဌာနက ၁၇ မိုင်ကျော်ဝေးလို့ ဘုန်ကြီးကျောင်းမှာ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေ လာနေပြီး စာမေးပွဲဖြေရတယ်လို့ အုံးချစ်လှိုင် တွဲဘက်အထက်တန်း ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်ဦးက ပြောပါတယ်။
ဒီနှစ် အုံးချစ်လှိုင်ကျေးရွာက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုမယ့် ကျောင်းသူနဲ့ ကျောင်းသား ၃၈ ယောက် ရှိပါတယ်။
အဲဒီကျေးရွာအုပ်စုမှာ ရွာငယ်ပေါင်း ၁၀ ရွာလောက်ပါဝင်တဲ့ တွဲဘက်အထက်တန်း ကျောင်းတခုသာ ရှိတဲ့အတွက် လယ်ဝေးမြို့နယ် အမှတ် ၁ ရပ်ကွက် ဇမ္ဗူအေး ဘုန်းကြီးကျောင်းမှာ နေပြီး စာမေးပွဲဖြေကြရတာပါ။
နေစရာတော့ အခက်အခဲရှိပေမယ့် ရွာနီးပတ်ဝန်းကျင်က တက္ကသိုလ်ဝင်တန်း လာဖြေမယ့်ကျောင်းသားတွေအတွက် ရေနဲ့ မီးအပြည့်အစုံ လုပ်ပေးထားတယ်လို့ ဇမ္ဗူအေးဘုန်းကြီး ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလက ပြောပါတယ်။
နေပြည်တော်လယ်ဝေးမြို့နယ် ပတ်ဝန်းကျင်ရွာတွေက တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမယ့် ကျောင်းသားတွေဟာ စာစစ်ဌာနနဲ့နီးတဲ့ ဇမ္ဗူအေး ဘုန်ကြီးကျောင်းမှာ စာမေးပွဲဖြေမယ့်ကာလ ၁၀ ရက်ကျော် ဆရာ၊ ဆရာမတွေနဲ့ အတူ ချက်ပြုတ် စားသောက်ဖို့ ရိက္ခာအပြည့်အစုံနဲ့ လာပြီး စာမေးပွဲဖြေကြရပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်










