DVB Logo
Home
Lead Story
တစ္ဆေနှစ်ကောင်ထဲက တစ်ကောင် ရွေးရမယ့် ရွေးကောက်ပွဲ
DVB
·
May 19, 2022
တစ္ဆေနှစ်ကောင်ထဲက တစ်ကောင် ရွေးရမယ့် ရွေးကောက်ပွဲ
Donate to DVB

သြစတြေးလျနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ ကျန်တော့ အချိန်မှာ မဲဆန္ဒရှင်တွေကြားမှာ အမြင်ကွဲပြားနေတုန်းပါပဲ။ နေထိုင်မှု စရိတ်စကတွေ မြင့်မားလာတာ၊ ရာသီဥတု ပြောင်းလဲမှုနဲ့ လူကြိုက်နည်းတဲ့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင် ကိစ္စတွေဟာ မဲဆန္ဒရှင်တွေ ဘယ်ပါတီကို မဲပေးမလဲဆိုတာကို အဓိက အဆုံးအဖြတ်ပေးပါလိမ့်မယ်။

ရွေးကောက်ပွဲဟာ မေလ ၂၁ ရက်နေ့ စနေနေ့မှာ စတင်မှာဖြစ်ပြီး၊ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အကြိုစစ်တမ်းတွေအရ မော်ရစ်ဆင်ရဲ့ လစ်ဘရယ်နေရှင်နယ်ညွန့်ပေါင်းဟာ အန်တိုနီ အယ်လ်ဘန်နီ ခေါင်းဆောင်တဲ့ ဗဟိုလယ်ဝဲယိမ်း လေဘာပါတီကို ပွတ်ကာသီကာ အရေးနိမ့်နေတာ တွေ့ပါတယ်။ ဒါဟာ ၉ နှစ်ကြာ ကွန်ဆာဗေးတစ် အစိုးရခေတ် အဆုံးသတ်တော့မယ့်  သဘောဖြစ်ပါတယ်။ 

လူနေမှု စရိတ်တွေ မြင့်တက်နေတာဟာ မဲဆန္ဒရှင် အများစုကြားမှာ အဓိက လွှမ်းမိုးနေတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ သြစတြေးလျမှာ ကျန်ခဲ့တဲ့လတွေအတွင်း လုပ်အားခ မဆိုစလောက်လေး တိုးခဲ့ပေမယ့် ကုန်ဈေးနှုန်းတိုးနှုန်းက လုပ်ခ လစာတိုးနှုန်းနဲ့ နှိုင်းစာရင် နှစ်ဆ ပိုမြင့်ခဲ့တယ်လို့ စစ်တမ်းတွေက ပြသနေပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေး၊ ငွေကြေးဖောင်းပွမှု၊ ရာသီဥတု ပြောင်းလဲမှု၊ ယူကရိန်း စစ်ပွဲ၊ တရုတ်ရဲ့ အန္တရာယ် စသဖြင့် မဲဆန္ဒရှင်တွေ သည်းခြေကြိုက်နိုင်မယ့် ကိစ္စရပ်တွေကို ပြိုင်ဘက် နိုင်ငံရေးသမားတွေက ပါးစပ်ဖျားကမချဘဲ မူဝါဒ အပြောင်းအလဲတွေ အကြီးအကျယ် လုပ်တော့မယ့်သဘောမျိုး ကတိပေးနေတာ တွေ့ရပါတယ်။ 

ဒါပေမဲ့ ပင်လယ်စာရောင်းတဲ့ Bondi Surf Seafoods  ကုမ္ပဏီ ပူးတွဲပိုင်ရှင် Paul Georgiou က လက်ရှိဝန်ကြီးချုပ် မော်ရစ်ဆင်ဟာ ကိုဗစ်ကပ်ဘေးကို ကောင်းကောင်းကိုင်တွယ်နိုင်သလို၊ သူ့အတွက် အမာခံမဲတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ 

“ကိုယ် အကြောင်းသိပြီးသား သရဲကိုပဲ ဆက်မွေးထားမလား၊ ကိုယ်မသိတဲ့ မကောင်းဆိုးဝါးကို ပြောင်းမွေးမလားလို့ မေးရင် ကျနော်ကတော့ ကိုယ် သိပြီးသား သရဲကိုပဲ ဆက်မွေးထားမယ်” လို့ ပြောပါတယ်။ 

လက်ရှိ ဝန်ကြီးချုပ် မော်ရစ်ဆင်ဟာ ၂၀၁၈ သြဂုတ်လမှာ တာဝန်စယူခဲ့ပါတယ်။ သူ့လက်ထက်မှာ လူ ၂၄ ယောက် သေဆုံးပြီး ထောင်ချီ အိုးအိမ်မဲ့ဖြစ်ခဲ့တဲ့ တောမီးကိစ္စ ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ဒီဇင်ဘာလထဲမှာ တောမီးကိစ္စ အသည်းအသန် ဖြစ်နေတဲ့အချိန်မှာ သူဟာ ဟာဝိုင်ရီမှာ အားလပ်ရက် အပန်းဖြေခရီးထွက်နေခဲ့လို့ ဝေဖန်ခံရပါတယ်။ ဝန်ကြီးချုပ်က ဒီကိစ္စအတွက် တောင်းပန်ခဲ့ရပါတယ်။ 

တောမီးကိစ္စကြောင့် လူကြိုက်နည်းခဲ့ရတဲ့ ဝန်ကြီးချုပ်ဟာ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာတော့ ခဏတော့ နာမည်ကောင်း ပိုရပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံအလောက် ဖြစ်အောင် မလုပ်ပေးနိုင်တဲ့ ဝန်ကြီးချုပ် မော်ရစ်ဆင်ဟာ ၂၀၂၀ နှစ်လယ်ကစလို့ လူကြိုက်နည်းလာပြန်တယ်လို့ Newspoll စစ်တမ်းမှာ ဖော်ပြနေပါတယ်။ ဒါတင်မက ဝန်ကြီးချုပ်ဟာ လွှတ်တော်ထဲမှာ အမျိုးသမီးတွေအပေါ် စော်ကားမော်ကား လုပ်တယ်။ အမျိုးသမီးတွေအပေါ် ခွဲခြားနှိမ့်ချ ဆက်ဆံတယ်ဆိုပြီး စွပ်စွဲခံနေရပြန်ပါတယ်။ မေလ ၁၃ ရက်နေ့တုန်းကတော့ ဝန်ကြီးချုပ် မော်ရစ်ဆင်က စိတ်လိုက်မာန်ပါ သူ့အကျင့်ကို ရွေးကောက်ပွဲပြီးတဲ့အခါ ပြင်ပါမယ့်လို့ အာမဘန္တေ ခံပြန်ပါတယ်။ 

ဆစ်ဒနီက မဲဆန္ဒရှင်တစ်ယောက်ဖြစ်တဲ့ ရောဘတ် မက်ဒေါ့နယ်က “ကျနော်ကတော့ မော်ရစ်ဆင်ရဲ့ စရိုက်ကျတာကို မကြိုက်ဘူး။ မုသားဝါဒတွေ ပြောတာကိုလည်း လုံး၀ မကြိုက်ဘူး” လို့ ပြောပါတယ်။ 

“လိမ်တဲ့နေရာမှာတော့ သူ့ကို ဘယ်သူမှ မမီဘူး။ ကျနော်က မဲစပေးတဲ့ အရွယ်ကနေ တောက်လျှောက် ကြည့်လာတာ၊ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ လိမ်တဲ့ နေရာမှာတော့ သူက အဆိုးဆုံးပဲ” လို့ ပြောပါတယ် 

ဒါပေမဲ့ မက်ဒေါနယ်က အယ်လ်ဘန်နီကိုလည်း သိပ်တော့ အထင်မကြီးလှဘူးလို့ ဆိုပါတယ်။ မီဒီယာတွေက မူဝါဒ အသေးစိတ်တွေကို မေးတဲ့အချိန်မှာ အယ်လ်ဘန်နီဟာ အိုးနင်းခွက်နင်းတွေ  ဖြစ်ခဲ့သလို၊ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ပထမဆုံးနေ့မှာပဲ သူဟာ အလုပ်လက်မဲ့နှုန်းကို တိတိကျကျ မပြောနိုင်ဘဲ မေ့တေ့တေ့ ဖြစ်ခဲ့လို့ မီဒီယာတွေက ဝေဖန်တာ ခံနေရပါတယ်။

ဆစ်ဒနီနဲ့ မယ်လ်ဘုန်းလို မြို့ကြီးတွေမှာတော့ ရာသီဥတု ပြောင်းလဲမှုကိစ္စကို စိတ်ဝင်စားတဲ့ မဲဆန္ဒရှင်တွေ ပိုများလာပါတယ်။ ဒါကြောင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အာရုံစိုက်တဲ့ တသီးပုဂ္ဂလ အမတ်လောင်းတွေဟာ မြို့ပေါ်မှာ ပိုပြီး မျက်နှာပွင့်နေတာ တွေ့ရပါတယ်။ ဒါကြောင့် လွှတ်တော်အသစ်ဟာ ဘယ်ပါတီမှာ အများစု မလွှမ်းမိုးနိုင်တဲ့ လွှတ်တော် ဖြစ်ပြီး၊ အနည်းစုပဲ နိုင်တဲ့ ပါတီက အစိုးရဖွဲ့တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။  

ဝန်ကြီးချုပ် မော်ရစ်ဆင်ရဲ့ စရိုက်ကို သူ့ပါတီထဲကရော၊ နိုင်ငံတကာ ခေါင်းဆောင်တွေဆီကပါ လူတွေက ဝေဖန်တဲ့အတွက် မဲဆန္ဒရှင်တွေကလည်း သူတို့ ခေါင်းဆောင်တွေအပေါ် လေးစားမှု ကျဆင်းနေကြပါတယ်။ ဝန်ကြီးချုပ်ဟာ ၂၀၁၉ ရွေးကောက်ပွဲကာလတုန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥပဒေကို ကတိပေးခဲ့ပြီး တကယ်ဖြစ်မလာတဲ့အတွက်လည်း ဝေဖန်ခံနေရပြန်ပါတယ်။  

သြစတြေးလျနိုင်ငံမှာ ပြည်နယ်တိုင်း၊ နယ်မြေတိုင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီတွေ အသီးသီး ဖွဲ့စည်းထားပြီးဖြစ်လို့၊ ပြည်ထောင်စုအစိုးရမှာပဲ ကော်မတီ မရှိတာက လယ်ပြင် ဆင်သွားသလို ဖြစ်နေပါတယ်။

ရွေးကောက်ပွဲမှာ နောက်ထပ် လွှမ်းမိုးတဲ့ ကိစ္စတွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေး ထောက်ပံ့ကြေး ကိစ္စတွေ ပါဝင်ပါတယ်။ မေလ ၁၈ ရက်နေ့အထိ သြစတြေးလျ မဲဆန္ဒရှင် ၁၇ သန်းထဲက  ၆ သန်းကတော့ ကြိုတင်မဲပေးတွေကို စာတိုက်ကတဆင့်၊ ဒါမှမဟုတ် လူကိုယ်တိုင် ပေးပြီးကြပါပြီ။ ဒီနှစ် စာတိုက်ကတဆင့် ကြိုတင်မဲပေးတဲ့ ဦးရေဟာ ၂၀၁၉ ကထက် ၁ ဒသမ ၁ သန်း ပိုများတယ်လို့ ရွေးကောက်ပွဲ ဆိုင်ရာ တရားဝင်ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

နေသွင်ညိဏ်း

ရည်ညွှန်း၊ “The devil I know or the devil I don't know”: Australians split on election choice (Reuters)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013