DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏ ဂေါက်ကွင်းစီမံကိန်းကြောင့် နမ့်စန် လယ်မြေများ ဆုံးရှုံး
DVB
·
March 18, 2014
စစ်တပ်၏ ဂေါက်ကွင်းစီမံကိန်းကြောင့် နမ့်စန် လယ်မြေများ ဆုံးရှုံး
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲမှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဂေါက်ကွင်းလုပ်မယ့် စီမံကိန်းကြောင့် ရွာသားပိုင် လယ်ယာမြေတွေ အသိမ်းခံရမယ့် အနေအထားကို ရောက်ရှိနေပါတယ်။

ခိုလမ်မြို့နယ်ခွဲ ၀မ်ဖွီးကျေးရွာ အုပ်စုထဲမှာရှိတဲ့ သူတို့လယ်ယာမြေတွေမှာ ၂၀၁၄ - ၁၅ ခုနှစ်ကစပြီး ဆက်လုပ်ခွင့်မရှိတော့ဘူးလို့ အာဏာပိုင်တွေက ပြောတဲ့အတွက် အိမ်ထောင်စုပေါင်း ၁၀၀ ကျော် ပူဆွေးဒုက္ခရောက်နေတယ်လို့ မြေဆုံးရှုံးတဲ့ထဲ ပါဝင်သူ ဦးကျောင်းဝဏ္ဏက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်မြေ ၁၀ ဧက အကုန်လုံးရှုံးပြီ။ တောင်ယာရော၊ ခြံရော၊ လယ်ရော အကုန်ပါတယ်။ ခြံသွားလို့မရတော့ဘူး၊ ရဲဘော်တွေ စောင့်နေကြတယ်။ ဘယ်မှာမှ လုပ်စားစရာမရှိတော့ဘူး၊ အကုန်လုံး ဒုက္ခရောက်တယ်။ ရပ်ကွက် ၆ က အကုန်လုံးပဲ။"

အဲဒီက မြေလွတ်မြေရိုင်းတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က ခုတ်ထွင်ရှင်းလင်းပြီး ထွန်ယက်စိုက်ပျိုးခဲ့တာမှာ အခြေတည်စပြုတဲ့အခါ စစ်တပ်က ပိုင်တယ်လို့ ဒီလမှာ သူတို့အားလုံး သိရတယ်လို့ ဦးကျောင်းဝဏ္ဏက ဆက်ပြောပါတယ်။

အာဏာပိုင်တွေက ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့က ရွာသားအားလုံးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကို ဆင့်ခေါ်ပြီး အဲဒီမြေပေါ်မှာ လုပ်ကိုင်စားသောက်ခွင့်မရှိဘူးလို့ တားမြစ်ချက်သိရှိပါကြောင်းနဲ့ အတင်းဝင်ရောက်စိုက်ပျိုးရင် အရေးယူခံရမယ်ဆိုတာကိုလည်း သိရှိပါကြောင်း လက်မှတ်ရေးထိုးခိုင်းတယ်လို့ သူကဆက်ပြောပါတယ်။

ဒါပေမယ့် ဆုံးရှုံးမြေယာနဲ့ သီးနှံလျော်ကြေးကိစ္စ၊ အစားထိုးမြေကိစ္စ ဘာမှ ပြောမသွားကြောင်း၊ ဒါကြောင့် ရွာသားတွေ အားလုံးနီးပါး လက်မှတ်မထိုးဘဲ ပြန်ခဲ့ကာ မြို့နယ် ကျားဖြူပါတီဆီ သွားရောက်ပြီး အကြံဥာဏ်တောင်းခဲ့တယ်လို့ ပြောပါတယ်။

ကျားဖြူပါတီကလည်း လိုအပ်တဲ့အချက်အလက်တွေ စုစည်းပြီး မတ်လ ၁၇ ရက်နေ့မှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရုံးကို စာတင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကောက်ခံရရှိတဲ့ စာရင်းတွေအရ လယ်ယာမြေဆုံးရှုံးမယ့် ရွာသားတွေဟာ ရပ်ကွက် ၆၊ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၄ က ဖြစ်ပြီး စုစုပေါင်း ၁၃၀ ဦးရှိကာ အသိမ်းခံရမယ့်မြေဧက ၈၀၀ ကျော် ပါဝင်တယ်လို့ ခိုလမ်မြို့နယ် ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းထွန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီရွာသားတွေမှာ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာသူရော၊ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က အစိုးရက ရှမ်းလက်နက်ကိုင်အဖွဲ့တွေကို ဖြတ်လေးဖြတ် (ရိက္ခာ၊ သတင်း၊ လမ်းပန်းဆက်သွယ်ရေး၊ စစ်အင်အား) ပြုလုပ်ရာမှာ ယခုနေရာနဲ့ ဆယ်မိုင်လောက်ဝေးတဲ့ နားပွဲကျေးရွာအုပ်စုကနေ အတင်းအကြပ် ပြောင်းရွှေ့လာရတဲ့ စုစည်းရွာသားတွေလည်း အများစု ပါဝင်တယ်လို့ ဦးစိုင်းထွန်းလွင်က ဆက်ပြောပါတယ်။

တိုင်းပြည်အခြေအနေ ပြောင်းလဲမှုကြောင့် ရွာဟောင်းမှာ ပြန်နေလို့ ရပြီဆိုပေမယ့် ဘ၀ကို အစကနေ ပြန်ထူထောင်ဖို့ရာ မလွယ်ကူကြောင်း ဦးကျောင်းဝဏ္ဏက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013