DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် အမျိုးသား ၂ ဦး မီးရှို့သတ်ဖြတ်ခံရ
DVB
·
May 19, 2022
ပေါက်မြို့နယ်တွင် အမျိုးသား ၂ ဦး မီးရှို့သတ်ဖြတ်ခံရ
Donate to DVB

မကွေးတိုင်း ပေါက်မြို့နယ်မှာ မေလ ၁၆ ရက်နေ့ညက ပေါက်မြို့ကနေ ကားနဲ့ စျေးဝယ်ပြီး ပြန်လာတဲ့ အမျိုးသား ၂ ယောက်ကို မျက်နှာဖုံးစွပ်ထားသူတွေအပါအဝင် လူတစုက မီးရှို့ သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ် မြေနီ (မြောက်ဘက်) ကျေးရွာက ဦးမောင်ရီ၊ ဇနီး၊ မြေးနဲ့ သမက်ဖြစ်သူ ကိုကျော်သူမင်းတို့ ပေါက်မြို့ကနေ စျေးဝယ်ပြီးပြန်လာရာ အဲဒီနေ့ ည ၉နာရီလောက်က ဝါးတောရွာအနောက်ဘက်အရောက် အရပ်ဝတ်နဲ့ မျက်နှာဖုံးစွပ်ထားသူ ၄ ယောက်အပါအဝင် ၆ ယောက်က ကားမှန်ကိုထုပြီး အမျိုးသမီးနဲ့ ကလေးအား ပြေးခိုင်းကာ ဦးမောင်ရီနဲ့ ကိုကျော်သူမင်းတို့ကို ကားရှေ့ခန်းမှာ မီးရှို့သတ်ဖြတ်သွားတာလို့ ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသမီးက ပြန်ပြောကြောင်း မြေနီကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

သူတို့နှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ပြီးမှ ကားပေါ်တင် မီးရှို့တာလား၊ ကားပေါ်မှာပဲ အရှင်လတ်လတ် မီးရှို့လိုက်တာလားဆိုတာ အတိကျတော့မသိရဘူး။ 

“မနေ့ မေ ၁၇ ရက်နေ့ညနေ ၄ နာရီလောက်မှာ သွားကြည့်တော့ ၂ ယောက်လုံး မီးလောင်ပြီး သေဆုံးနေတာတွေ့ရတယ်။ ကျနော်တို့ ရောက်သွားတဲ့အထိကို ကားက မီးလောင်နေတုန်းပဲ။ သူတို့လုပ်ရပ်ကတော့ တော်တော်ကို ရက်စက်ယုတ်မာလွန်းပါတယ်။ လုံးဝကိုလူမဆန်ဘူး သူတို့လုပ်ရပ်က။ တကယ်ကို ရက်စက်ကြမ်းကြုတ် လွန်းတယ်” လို့ ဒေသခံက ပြောပါတယ်။ 

ဦးမောင်ရီရဲ့ ဇနီးဖြစ်သူဟာလည်း ခင်ပွန်းဖြစ်သူနဲ့ သမက်ဖြစ်သူ မီးရှို့သတ်ဖြတ်ခံရတာကို ရုတ်တရက်တွေလိုက်ရတော့ စိတ်ဖောက်ပြန်သလိုဖြစ်နေပြီး ဖြစ်စဉ်အသေးစိတ်ကို မေးမြန်းရတာ သိမ်အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

“ဒီနေရာမှာက သစ်ချိုကုန်းရွာက ပျူစောထီးတွေပဲ မကြာခဏ စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ သူတို့လိုချင်တဲ့ ပစ္စည်းတွေကိုယူတယ်၊ ပြည်သူတွေကိုလည်း နေလှန်းပြီး စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ ဒါကြောင့်မို့ ဘယ်အဖွဲ့စည်းကမှလုပ်တာမဟုတ်ဘူး၊ သစ်ချိုကုန်း ပျူတွေပဲလို့ ပြောပြတယ်” လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ SPGF ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုနဂါးလေးက “အခုကိစ္စက ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလုပ်တာ လုံးဝမဟုတ်ပါဘူး။ ဒီနယ်မြေက သူတို့ပျူစောထီးတွေ ကြီးစိုးတဲ့ နယ်မြေဖြစ်တယ်။ ဒီကိစ္စက သစ်ချိုကုန်း၊ ပင်ထောင်ရွာက ပျူစောထီးတွေ ကျက်စားရာနယ်မြေဖြစ်လို့ ဒီလူတွေပဲ လုပ်တာပါ။ ကျနော်အနေနဲ့ပြောရရင် သူတို့က ပြည်သူလူထုကို လက်နက်အားကိုးပြီး အနိုင်ကျင့်တယ်လို့ မြင်တယ်ဗျ။ ကျနော်တို့ ပြည်သူတွေဟာ ဘယ်နေရာသွားသွား မလွတ်လပ်တော့ဘူး။ အမြဲတမ်း ကြောက်စိတ်တွေနဲ့ပဲ ဘဝကို ရပ်တည်နေရတဲ့ ပုံစံမျိုးဖြစ်နေတယ်” လို့ ပြောပါတယ်။

ပေါက်မြို့ အောင်ချမ်းသားရပ်ကွက် ဇရပ်နားမှာလည်း မေ ၉ ရက်နေ့ မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေ ပူးပေါင်းအဖွဲ့က စျေးသွားဝယ်တဲ့ မြေနီ(မြောက်ဘက်)ကျေးရွာက ကိုမျိုးထက်ခိုင်နဲ့ ကိုဟိန်းထက်ကျော်တို့ကို PDF လို့စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူတွေကို မီးရှို့သတ်ဖြတ်တာနဲ့ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘဲ PDF တပ်ဖွဲ့တွေက လုပ်တာလို့ စွပ်စွဲပြောဆိုလေ့ရှိပါတယ်။

ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ တရွာဝင်တရွာထွက် မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၁၀၀ ကျော်လောက်မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၂၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၂၁၃၁ လုံးမီးလောင် ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar က မေလ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013