DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းအများစု ပြန်မဖွင့်နိုင်သေး
DVB
·
May 18, 2022
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းအများစု ပြန်မဖွင့်နိုင်သေး
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စာသင်ကျောင်းတွေပိတ်ထားခဲ့ရာက မေလ ၁၇ ရက်နေ့မှာတော့ တနိုင်ငံလုံး ပြန်ဖွင့်လိုက်ပြီဖြစ်ပေမယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ဖွင့်လှစ်ခဲ့တဲ့ စာသင်ကျောင်းတွေကိုတော့ အကုန်ပြန်မဖွင့်နိုင်သေးပါဘူး။ 

မြန်မာလုပ်သား သိန်းနဲ့ချီဝင်ရောက်လုပ်ကိုင်နေတဲ့ တာ့ခ်ခရိုင်ထဲမှာဆိုရင် ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ စည်းကမ်းချက်တွေအညီ ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်မှုတွေ မပြီးမြောက်သေးတာကတကြောင်း၊ MECC (Migrant Education Control Committee) ရွှေ့ပြောင်းလုပ်သားပညာရေးထိန်းချုပ် မှုကော်မတီကလည်း လိုအပ်တဲ့စစ်ဆေးမှုတွေ မပြီးမြောက်သေးတာကြောင့် မဖွင့်နိုင်သေးဘူးလို့  မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။ 

“ထိုင်းကျောင်းတွေ ပြန်ဖွင့်ပေမယ့် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ ဖွင့်ရတယ်လေ။ မနက်ညနေ တန်းစီတာ၊  စားသောက်ဆိုင်တန်းမှာ လူစုလူဝေးနဲ့ စုပေါင်းစားတာတွေ၊ စုပေါင်းကိုယ်လက်လှုပ်ရှား အားကစားလုပ်တာတွေ မလုပ်ရဘူး စသဖြင့်ပေါ့၊ စည်းကမ်းချက်နဲ့ညီဖို့ နေရာထိုင်ခင်း ပြင်ဆင်ရတာပေါ့။ အဓိကကတော့ MECC အဖွဲ့က စစ်ဆေးရေးတွေ၊ အစည်းအဝေးတွေလုပ်နေတာ မပြီးသေးလို့ပါ။ ကိုဗစ်-၁၉ စတုတ္ထလှိုင်းကာလ ပိုပြီးဂရုစိုက်တဲ့အနေနဲ့ ပြင်ဆင်နေတာပါ၊ မကြာခင်တော့ ပြန်ဖွင့်တော့မှာပါ။”

တာ့ခ်ခရိုင်ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား စာသင်ကျောင်းပေါင်း ၇၀ ကျော်၊ ဆရာဆရာမ ၇၀၀ ကျော်နဲ့ ကျောင်းသူကျောင်းသားပေါင်း ၁၆,၀၀၀ ကျော်ရှိပြီး ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်း ကနေ သင်ကြားပို့ချတာတော့ရှိတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။ 

ထိုင်းတောင်ပိုင်း ဖန်ငခရိုင်အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က ဖွင့်လှစ်ထားတဲ့ကျောင်းတွေတော့ လာမယ့်ဇွန် ၂ ရက်နေ့မှ ဖွင့်ဖို့အစီအစဉ်ရှိတယ်လို့ FED ပညာရေးဌာနတာဝန်ခံ ဆရာစောမူးဒိုက ပြောပါတယ်။ 

“ကျနော်တို့ဖောင်ဒေးရှင်းက ကျောင်းတွေတော့ လာမယ့်ဇွန် ၂ ရက်မှာ ဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။ ထိုင်းကျောင်းတွေနဲ့ တရက်တည်း ဘာလို့မဖွင့်နိုင်ရတာလည်းဆိုတော့ ကျနော်တို့က ဖောင်ဒေးရှင်း ကျောင်းဆိုတော့ ဌာနဆိုင်ရာတွေကို စာရွက်စာတမ်းတွေတင်ဖို့ အချိန်ယူရတယ်၊ အဓိကကတော့ ခရိုင် ကိုဗစ်-၁၉ အခြေအနေ ထိန်းချုပ်ရေးကော်မတီပေါ့နော်။ နောက်ပြီးတော့ တခြား ပြင်ဆင်စရာတွေ ရှိသေးလို့ နည်းနည်း နောက်ကျတာပါ၊ ထိုင်းကျောင်းတွေနဲ့ ချိတ်ဆက်ရပါသေးတယ်။”

ဖန်ငခရိုင်ထဲမှာ FED ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ ရွှေ့ပြောင်းလုပ်သားစာသင်ကျောင်း ၆ ကျောင်း၊ ကျောင်းသူကျောင်းသား ၁,၃၀၀ လောက်နဲ့ ဆရာ/ဆရာမ ၁၂ ဦးရှိတယ်လို့ ဆိုပါတယ်။ 

FED ကျောင်းမှာ  ၈၀ ရာခိုင်နှုန်းက မြန်မာနိုင်ငံရဲ့ ပညာရေးသင်ရိုးညွှန်းတမ်းအတိုင်းသင်ကြားပြီး ထိုင်းစာ၊ အင်္ဂလိပ်စာ၊ နည်းပညာနဲ့ အခြားသိသင့်ဘွယ်ပညာရပ်တွေကို သင်ကြားပေးနေတာပါ။

ကိုဗစ်-၁၉ ကာလ ကျောင်းပိတ်ချိန်များအတွင်း အွန်လိုင်းနဲ့သင်ကြားတာရှိပေမယ့် ကျောင်းသူ ကျောင်းသား အများစုမှာ ရွှေ့ပြောင်းလုပ်သား သားသမီးဖြစ်တာကြောင့် ကွန်ပျူတာ၊ အင်တာနက် သင်ကြားရေးထောက်ကူပစ္စည်း မပြည့်စုံတဲ့ ဆယ်ကျော်သက်ကလေးတွေ လုပ်ငန်းခွင် ရောက်ကုန်တာလည်း ရှိတယ်လို့ ဆိုပါတယ်။ 

ထိုင်းအလယ်ပိုင်း စမွတ်စခွန်းခရိုင် မဟာချိုင်မြို့က MCDC (ရွှေ့ပြောင်းအလုပ်သမား ရင်သွေးငယ်များ အရည်အချင်းမြှင့်တင်ရေးကျောင်း) ကတော့ မနေ့ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ 

ဒီတကြိမ် ထူးခြားချက်ကတော့ ထိုင်းအစိုးရစာသင်ကျောင်းတွေနဲ့ တွဲဖက်ဖွင့်လိုက်တာလို့ MCDC ကျောင်းတာဝန်ခံ ဆရာ လရောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ကျောင်းကတော့ မနေ့က ပြန်ဖွင့်ပါပြီခင်ဗျ။ ထိုင်းကျောင်းနဲ့ တွဲဖွင့်ပါတယ်၊ ပထမဆုံးအကြိမ်ပါ။ ထိုင်းသင်ရိုးညွှန်းတမ်းနဲ့ မြန်မာသင်ရိုးညွှန်းတမ်းကို အချိန်ဇယားနဲ့ ခွဲပြီးသင်ပါတယ်။  ဒီကျောင်းက အောင်ပြီးရင် ထိုင်းကျောင်းလည်း ဆက်တက်ချင်တက်၊ မြန်မာပြည် ပြန်ပြီး မြန်မာ ကျောင်းဆက်တက်လို့လည်းရအောင် ပုံစံ ၂ မျိုးနဲ့ သင်ကြားမှာဆိုတော့ ကလေးတွေက အခွင့်အလမ်း ၂ မျိုးရတာပေါ့နော်။”

MCDC ရွှေ့ပြောင်း လုပ်သားကလေးတွေအတွက် စာသင်ကျောင်းကို မဟာချိုင်မြို့ ရပ်ကွက် ၄ ရှိ ဘုန်းကြီးကျောင်းဝင်းတခုမှာ ဖွင့်လှစ်ထားပြီး မေ ၁၇ ရက်နေ့ ပထမဆုံးကျောင်းစဖွင့်တဲ့ရက်မှာ ကျောင်းသူကျောင်းသားပေါင်း ၄၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ 

ဆရာ/ဆရာမတွေမှာ မူလက ၁၇ ဦးရှိရာက မြန်မာပြည်ပြန်ပြီး ပတ်စပို့ကိစ္စ ပြန်လုပ်တာနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြန်မလာနိုင်တာမို့ လက်ရှိ ၈ ယောက်လောက် ကျန်တာကြောင့် ကျောင်းသားနဲ့ ဆရာ အင်အားမမျှတဲ့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ 

MCDC ကျောင်းမှာ ယခင်က မြန်မာနိုင်ငံက သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပြီး  မြဝတီမှာ အလယ်တန်းစာမေးပွဲ သွားဖြေကြကြောင်း၊ ဒါပေမဲ့ နိုင်ငံရေးအခြေအနေကြောင့် ပညာရေး ကမောက်ကမဖြစ်ပြီး စာထူးချွန်တဲ့၊ အနာဂတ်အလားအလာကောင်းတဲ့ ကလေးတွေဟာ ငါးရွေး၊ ပုစွန်ရွေးတဲ့ ရွှေ့ပြောင်းအလုပ်သမားဘဝကို ရောက်လာရတာ နှမြောဝမ်းနည်းစရာကောင်းတယ်လို့ ဆရာလရောင်စိုးက ပြောပါတယ်။ 

မြန်မာလုပ်သား ၁ သိန်းကျော် ဝင်ရောက်လုပ်ကိုင်နေတဲ့ မဟာချိုင်မှာ ရွှေ့ပြောင်းလုပ်သား စာသင်ကျောင်းပေါင်း ၄ ကျောင်းနဲ့  ကျောင်းသူကျောင်းသားပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013