DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် မြေမြှုပ်မိုင်းကြောင့် ၃ လအတွင်း ကလေးများအပါဝင် သေဆုံးသူ ၁၀၀ ရှိဟု ကုလထုတ်ပြန်
DVB
·
May 18, 2022
မြန်မာတွင် မြေမြှုပ်မိုင်းကြောင့် ၃ လအတွင်း ကလေးများအပါဝင် သေဆုံးသူ ၁၀၀ ရှိဟု ကုလထုတ်ပြန်
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံတဝန်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ စုစုပေါင်း အယောက် ၁၀၀ ထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ ကလေးငယ် ထိခိုက်သေဆုံးမှု ၃၇ ယောက်နဲ့ သုံးပုံတပုံ ပါဝင်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းအကျန်တွေဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ ဖြစ်ပွားရာဒေသတွေမှာရှိတဲ့ အရပ်သားတွေရဲ့ အသက်နဲ့ ဘဝလုံခြုံမှုတွေကို ဆက်လက်ခြိမ်းခြောက်နေပြီး လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု ၄ ကြိမ်ရှိခဲ့တယ်လို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

နိုင်ငံတဝန်း ထိခိုက်သေဆုံးရသူအယောက် ၁၀၀ ထဲမှာတော့ ရှမ်းပြည်နယ်က ၆၇ ယောက်နဲ့ အများဆုံးဖြစ်ပြီး၊ ကချင်ပြည်နယ်က ၁၂ ယောက်၊ ရခိုင်ပြည်နယ်က ၈ ယောက် ပါဝင်နေခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်လင်းကျေးရွာက အသက် ၁၃ နှစ်သား တယောက်ဟာ မေ ၅ ရက်က လက်ဖက်ခြံက အိမ်အပြန်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့သလို၊ နမ္မတူမြို့နယ် မန်ဆာလုံကျေးရွာအုပ်စု၊ နားပိန်းကျေးရွာက အသက် ၂၆ နှစ်အရွယ်အမျိုးသားဟာလည်း မေ ၉ ရက်က စိုက်ပျိုးခြံကနေ အိမ်အပြန်လမ်းမှာ မြေမြှုပ်မိုင်း နင်းမိပြီး ဒဏ်ရာအနာတရ ဖြစ်ခဲ့တယ်လို့ ကုသသမဂ္ဂအစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ကျေးရွာက အသက် ၃၀ နှစ်အရွယ် အမျိုးသားနဲ့ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာက အသက် ၆၈ နှစ်အရွယ် အမျိုးသားတို့ဟာ မေ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ မြေမြှုပ်မိုင်းထိပြီး အသက်သေဆုံးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အရပ်သားပြည်သူတွေ တနေ့တခြား တိုးပွားလာနေသလို နိုင်ငံတဝန်း ခုခံတော်လှန်စစ်ပွဲ အရှိန်မြှင့်နေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ ၁ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၄၄ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၃,၇၁၃ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013