DVB Logo
Home
Lead Story
ကျားတွေကို ဖြိုပစ်ကြ
DVB
·
May 18, 2022
ကျားတွေကို ဖြိုပစ်ကြ
Donate to DVB

ဧပြီလ ၇ ရက်နေ့က စစ်ကောင်စီ၏ နားထင်ကို ဖြိုခွင်းလိုက်သည့် မိုးကြိုးသွား သတင်းတခု ပေါ်ထွက်ခဲ့သည်။ စစ်ကောင်စီ၏ ယာဉ်ယန္တရားများကို သယ်ဆောင်လာခြင်း သို့မဟုတ် ဖျက်ဆီးလာခြင်းဖြင့် စစ်သည်များ CDM ပြုလုပ်မည်ဆိုပါက ထိုက်တန်သည့် ဆုကြေးငွေများ ပေးအပ်မည်ဖြစ်ကြောင်း NUG က ကြေညာလိုက်ခြင်းပင်။

လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်နှင့်အတူ CDM ဝင်ပါက အမေရိကန်ဒေါ်လာ ၅ သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း ၁၀,၀၀၀၊ ဖျက်ဆီးနိုင်လျှင် အမေရိကန်ဒေါ်လာ ၃ သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း ၆,၀၀၀၊ တိုက်လေယာဉ်ဆီ သိုလှောင်ကန်များအား ထိရောက်စွာ ဖောက်ထုတ်၊ ဖျက်ဆီးနိုင်လျှင် တကန်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း ၂,၀၀၀၊ အကြမ်းဖက်စစ်တပ်၏ လက်နက်တိုက်၊ လက်နက်စက်ရုံများအား ဖောက်ခွဲဖျက်ဆီးနိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း ၂,၀၀၀ စသည်ဖြင့် များပြားလှသည့် ငွေကြေးပမာဏများ သတ်မှတ်ထုတ်ပြန်ခဲ့ရာ ထိုက်တန်လှသည့် ဆုကြေးဟု ဆိုရပေမည်။

သို့သော် ယခု တလကျော်လာသည့်တိုင်အောင် ထိုနည်းလမ်းဖြင့် CDM ဝင်လာသော အရာရှိ၊ စစ်သည်များ ပေါ်ထွက်မလာသေးပါ။ လုံးလုံးပေါ်ထွက်လာရန်မရှိ ဟူ၍တော့ ယတိပြတ် ပြော၍ မရနိုင်ပေ။ အခါအခွင့် စောင့်နေကြသူများလည်း ရှိနိုင်သည်။ ယာဉ်ယန္တရားများဖြင့် CDM ဝင်လာသူများ မရှိသေးသော်လည်း လက်နက်ငယ်များ ယူဆောင်ကာ ပြည်သူ့ရင်ခွင် ခိုဝင်လာသူများ အစဉ်မပြတ် ရှိနေသည်ကို တွေ့မြင်ကြရသည်။ လက်နက်ပါလာသူများကိုလည်း ပြည်သူ့အဖွဲ့အစည်းအသီးသီးက ထိုက်တန်သည့် ငွေသားများ ချီးမြှင့်နေကြသည်။

စစ်ကောင်စီသည် မလျော်ကန်သည့် အာဏာသိမ်းမှုပြုပြီးနောက် စစ်တပ်သမိုင်းတလျှောက် မကြုံစဘူးသော တစိမ့်စိမ့် စိမ့်ထွက်နေသည့် တပ်တွင်း အာဏာဖီဆန်မှုကို ကြုံတွေ့နေရခြင်းဖြစ်၏။ ထိုအဖြစ်ဆိုးကို ထိန်းချုပ်နိုင်ရန် တပ်မိသားစုဝင်များကိုပါ တင်းကျပ်စွာ ကိုင်တွယ်နေရသည်။ နိုင်ငံရေးငရဲ ကျနေပြီဖြစ်သော စစ်ကောင်စီသည် တပ်မိသားစုဝင်များကိုပါ ငရဲမီးနှင့် ပေးတွေ့စေပြီ ဖြစ်၏။

တော်လှန်သောဒေသများ များပြားလာသည်နှင့်အမျှ တပ်ဖွဲ့ဝင်အင်အား မလုံလောက်သောအခါ ဒေသခံအရပ်သား လူရမ်းကားများကို ပြည်သူ့စစ်ဟု အမည်တပ်၍ လက်နက်ကိုင်သင်တန်းပေးခြင်းဖြင့် ပြည်သူချင်း ပြန်တိုက်ခိုင်းရန်အထိ စစ်ကောင်စီ ခေါင်းဆောင်များက အကြံပက်စက်လာကြသည်။ အရပ်ဘက်ကမူ ၎င်းတို့ကို ပျူစောထီးများဟု ခေါ်သည်။ စစ်ခေါင်းဆောင်များသည် အောက်ခြေစစ်သည်များကို လှည့်ဖြားရန်အတွက် တပ်မတော်ကို ထောက်ခံသည့် ပြည်သူများ ရှိနေသယောင် ပုံဖော်ယူခြင်းလည်း ဖြစ်၏။

အကယ်စင်စစ် မြေပြင်တွင်မူ ပျူစောထီးသည် အင်အားများစွာ မရှိလှပေ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၀၀ ကျော် ရှိသော်လည်း ပျူစောထီးရွာဟု ပြောလို့ရသည်မှာ ၂ ရွာမျှသာရှိ၏။ ထိုနှစ်ရွာတွင်ပင် ရွာလုံးကျွတ် ပျူစောထီးရှိသည် မဟုတ်ပါ။ စစ်တပ်ထောက်ခံသူတို့နှင့် ယှဉ်တွဲ မနေထိုင်လိုသူများက အခြားဒေသများသို့ ပြောင်းရွှေ့သွားရာ ရွာခံပျူစောထီး ဆယ်ဂဏန်းမျှနှင့် စစ်တပ်က အထိုင်ချကာ ပျူစောထီးရွာဟု အမည်ခံနေခြင်းသာ ဖြစ်သည်။

ပျူစောထီးများကို သေချာလေ့လာကြည့်သောအခါ အမျိုးအစား နှစ်မျိုး ကွဲပြားနေသည်ကို တွေ့ရသည်။ ပထမတမျိုးမှာ မူလကပင် စစ်တပ်ကို မျက်စိမှိတ် ထောက်ခံခဲ့ကြသူများဖြစ်ပြီး ဒုတိယအမျိုးအစားမှာ အကြောက်တရားကြောင့် ပျူစောထီးဖြစ်သွားရသူများ ဖြစ်သည်။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ခုခံတိုက်ခိုက်မှုများနှင့် ကြုံတွေ့ရသည့်အခါ အနီးအနားရှိ ရွာများကို မီးရှို့ပြာချခြင်းဖြင့် စစ်တပ်က အကြောက်တရား ရိုက်သွင်းသည်။ ထိုအခါ မိမိတို့၏ အိုးအိမ် ပျက်စီးဆုံးရှုံးရမည်ကို ကြောက်ရွံ့သူတချို့သည် စစ်တပ်နှင့်ပူးပေါင်းကာ ပျူစောထီးအဖြစ် ခံယူသွားကြခြင်း ဖြစ်သည်။

လူအိုတော့ ပန်းပန်၊ အိမ်အိုတော့ ကျားကန် ဆိုသည့် သဘောအတိုင်း စစ်ကောင်စီသည် ပြိုလုဆဲဆဲ စစ်တပ်ကို BGF၊ ပြည်သူ့စစ်၊ ပျူစောထီးတို့ဖြင့် လှည့်ပတ် ကျားကန်နေခြင်း ဖြစ်၏။ အောက်ခြေ စစ်သည်များကို ဘာမှမပူနဲ့၊ ငါတို့နဲ့ပူးပေါင်းမယ့် ပြည်သူရှိတယ်၊ ပြည်သူတချို့ကိုလည်း ဘာမှမပူနဲ့ ငါတို့အလိုကျ လုပ်ပေးရင် မီးမရှို့ဘူးဟု အပြန်အလှန် လှည့်ဖြား ကျားကန်ပေးနေခြင်းဖြစ်သည်။ မဆီမဆိုင် ကျေးရွာများကို မီးလိုက်ရှို့နေခြင်းသည် အကြောက်တရားကြောင့် ပျူစောထီးများ စုဆောင်းရရှိစေရန် ရည်ရွယ်ရင်း ဖြစ်၏။

NUG အပါအဝင် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ  ပူးပေါင်းလာပါက မည်သို့သော ချီးမြှင့်မှုများ ပြုလုပ်မည်ဟု တရားဝင် ကြေညာထားသော်လည်း BGF၊ ပြည်သူ့စစ်နှင့် ပျူစောထီးများကိုမူ လျစ်လျူရှုလျက်ပင် ရှိနေသေးသည်။ ပျူစောထီးတိုင်းသည် စစ်တပ်ကို အသက်ပေး ထောက်ခံကြမည့်သူများ မဟုတ်သည်ကို အလေးဂရုမူသင့်သည်။ ကိုယ်ကျိုးစီးပွားရှာလိုသူနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်လိုသူများသာ ပျူစောထီးများ ဖြစ်နေသည်။ ပျူစောထီးများ၏ တူညီသောအချက်မှာ ဘယ်သူသေသေ ငတေမာရင်ပြီးရော သဘောထား ရှိကြသူများ ဖြစ်၏။ ၎င်းတို့သည် ခံယူချက်ဖြင့် လုပ်ကိုင်နေကြသူများ မဟုတ်ပေ။

ထိုသူများကို စည်းရုံးဆွဲဆောင်လိုလျှင် ငွေကြေးနှင့် အခွင့်အရေးပေးရန်သာ လိုပါလိမ့်မည်။ စစ်တပ်ထဲမှ ဗိုလ်ကြီးအဆင့်ရှိသူကို သတ်ဖြတ်ထွက်ပြေးလာလျှင် ဆုကြေး မည်မျှ ချီးမြှင့်မည်၊ ဗိုလ်မှူးအဆင့် ဆိုပါက မည်မျှ၊ ဗိုလ်မှူးကြီးအဆင့် ဆိုပါက ဘယ်လောက်အထိဟု သတ်မှတ် ထုတ်ပြန်ပေးပါက လုပ်ကြံထွက်ပြေးလာမည့် BGF၊ ပြည်သူ့စစ်နှင့် ပျူစောထီး များစွာ ပေါ်ထွက်လာနိုင်သည်။ စစ်တပ်နှင့် အနီးကပ် ဆက်ဆံနေရသည့် ၎င်းတို့အတွက်လည်း အပန်းကြီးသည့်ကိစ္စ မဟုတ်ပေ။

ပြိုလုလုအိမ်ကိုပဲ လှိမ့်ဖြိုနေ၍ မရပေ။ ကန်ထားသည့် ကျားများကိုလည်း အမြန်ဖြိုမှ ပြိုချိန်မြန်မည် ဖြစ်ပါကြောင်း မီးမောင်းထိုး ဆော်ဩလိုက်ရပါသည်။

မြတ်ကောင်းခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013