DVB Logo
Home
မြန်မာသတင်း
သန်းခေါင်စာရင်းနှင့် စပ်လျဉ်းပြီး အစ္စလာမ်ဘာသာရေးအဖွဲ့ ထုတ်ပြန်
DVB
·
March 18, 2014
သန်းခေါင်စာရင်းနှင့် စပ်လျဉ်းပြီး  အစ္စလာမ်ဘာသာရေးအဖွဲ့ ထုတ်ပြန်
Donate to DVB

သန်းခေါင်စာရင်းကောက်ခံရာမှာ တိုင်းရင်းသားအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ လူမျိုးတခုက အစ္စလာမ်သာသနာဝင် ဖြစ်ပါက ကိုးကွယ်တဲ့ဘာသာမှာ အစ္စလာမ်လို့ ဖြေဆိုပြီး လူမျိုးနေရာမှာ မိမိ တိုင်းရင်းသား လူမျိုးစုအမည်တခုတည်းကို ဖြေကြားဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့က အသိပေးလိုက်ပါတယ်။

statement copyသန်းခေါင်စာရင်းပုံစံ လူမျိုးစုများ ဂဏန်းသင်္ကေတစာရင်းတွင် ပါဝင်ခြင်း မရှိတဲ့ တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကတော့ ကိုးကွယ်တဲ့ဘာသာမှာ အစ္စလာမ်လို့ ဖြေကြားပြီး လူမျိုးမေးခွန်းတွင် မြန်မာ/ ဗမာ မွတ်စလင်လို့ ဖြေကြားခြင်း မပြုဘဲ မိမိတို့ လူမျိုးစု အမည်မှန် တခုတည်းကိုသာ ဖြေကြားပြီး အခြားဟူသော ကုတ် ၉၁၄ မှာ ထည့်သွင်းစေရန် အထူး သတိပြုဖို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် သန်းခေါင်စာရင်း ကောက်ခံရေးအဖွဲ့က မေးမြန်းတဲ့ မေးခွန်း ၄၁ ခုကို ကြိုတင် လေ့လာ ပြင်ဆင်ထားဖို့ ပြည်ပကို ရောက်ရှိနေတဲ့ အိမ်ထောင်စုဝင်တွေရဲ့ အချက်အလက်ကိုလည်း ထည့်သွင်း စာရင်းကောက်ယူမှာ ဖြစ်သလို မိသားစုဝင်တဦးက ဖြေကြားပေးဖို့ စတဲ့ သန်းခေါင်းစာရင်းနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်တွေကိုလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ ကုလသမဂ္ဂရဲ့ ကူညီမှုနဲ့ စံနှုန်းအတိုင်း ကောက်ယူမှာ ဖြစ်တဲ့အတွက် စိုးရိမ်စရာမလိုဘူးလို့လည်း သူက ပြောပါတယ်။

သန်းခေါင်စာရင်းကို ၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်နေ့ကနေ ဧပြီ ၁ဝ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမှာ ဖြစ်ပါတယ်။ ဝေးလံတဲ့တချို့ဒေသတွေမှာတော့ သန်းခေါင်စာရင်းတွေ စတင် ကောက်ခံခဲ့ပြီး တချို့ဒေသတွေမှာ ကောက်ယူပြီးစီးနေပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ရခိုင်ပြည်နယ်မှာတော့ သန်းခေါင်စာရင်းကောက်ယူတဲ့အခါ ဘင်္ဂလီတွေက ရိုဟင်ဂျာလို့ ထည့်သွင်းလာရင် လက်မခံဖို့ ရခိုင်လူမျိုးတွေက အစိုးရကို ဖိအားပေးတဲ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။

အစိုးရက အခုကောက်ခံမယ့် သန်းခေါင်စာရင်း  (Census)နဲ့ အိမ်ထောင်စု လူဦးရေစာရင်း မတူကြောင်းနဲ့ လူဦးရေနဲ့ အိမ် အကြောင်းအရာကို လူမျိုးဘာသာ မခွဲခြားဘဲ ကောက်ခံမှာ ဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။

 ဒါ့အပြင်  အိမ်ထောင်စုဇယား (ပုံစံ ၆၆/၆) ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ နိုင်ငံသားကတ်ရထားသည် ဖြစ်စေ၊ မရသေးသည် ဖြစ်စေ အားလုံးကို စာရင်း ကောက်ယူမယ်ဆိုတာကိုလည်း  ထပ်တလဲလဲ ရှင်းပြထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013