
ရုရှားနဲ့ ယူကရိန်းတို့ တဖက်နဲ့တဖက် စစ်ရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ပစ်မှတ်တွေကို အောက်တိုဘာ ၃ ရက်က တိုက်ခိုက်ခဲ့ကြပါတယ်။
ရုရှားအစိုးရဘက်က ယူကရိန်းမြို့တော် ကိယက်ဗ်မှာရှိတဲ့ အဝေးပြေးလမ်းမကြီး ဖြတ်သန်းရာ တံတားတစင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ရုရှားတပ်တွေက ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကိဗ်ဒေသထဲက နောက်ထပ် ရွာတရွာကို ထိန်းချုပ်လိုက်ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာ ကြေညာခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကတော့ ရုရှားရဲ့ ရေနံချက်စက်ရုံတွေအပေါ် တိုးမြှင့်တိုက်ခိုက်သွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။
ယူကရိန်းဘက်က ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို အဝေးကနေ တိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
၂၄ နာရီကြာ အခြေအနေ တင်ပြချက်တရပ်ထဲမှာ ရုရှားတပ်ဖွဲ့တွေက နေရာပေါင်း ၁၄၉ ခုမှာ ယူကရိန်းရဲ့ ဒရုန်းသိုလှောင်ရာ နေရာတွေအပြင် ယူကရိန်းတပ်ဖွဲ့တွေနဲ့ နိုင်ငံခြားသား ကြေးစားစစ်သည်တွေ ယာယီတပ်စွဲရာနေရာတွေကို တိုက်ခိုက်ခဲ့ပြီး ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက လမ်းညွှန်စနစ်ပါတဲ့ လေကြောင်းကနေ ပစ်ခတ်တဲ့ ဗုံး ၆ လုံးနဲ့ ပုံသေတောင်ပံပါတဲ့ ဒရုန်းအစင်း ၆၈၀ တို့ကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
အဲဒီနေ့မှာပဲ ယူကရိန်းသမ္မတက ယူကရိန်းတပ်တွေဟာ လွန်ခဲ့တဲ့ တရက်တာကာလ စစ်ဆင်ရေးအတွင်း အစ်ကန်ဒါဒုံးကျည်စနစ် တပ်ဆင်ထားတဲ့ နေရာတွေ အပါအဝင် ရုရှားနိုင်ငံ ဆာမာရာနဲ့ ဘရီယန်စ်ခ်ဒေသတွေက ပစ်မှတ်တွေအထိ ရောက်ခဲ့တဲ့ တာဝေးပစ်တိုက်ပွဲတွေ ဆင်နွှဲခဲ့တယ်လို့ ပြောပါတယ်။
ယူကရိန်းတပ်တွေဟာ ပင်လယ်နက်ဆီ ဦးတည်ပြီး တိုးတက်မှုအသစ်တွေ ရခဲ့တယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
ရုရှားရဲ့ ကြီးမားကျယ်ပြန့်တဲ့ လေကြောင်းတိုက်ခိုက်ရေး လှုပ်ရှားမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားရေနံချက်စက်ရုံတွေအပေါ် တိုးမြှင့်တိုက်ခိုက်သွားမယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ဒါ့အပြင် ယူကရိန်းက တန်ပြန်ထိုးစစ်တွေ ဆက်လုပ်နေတယ်လို့လည်း သူက အင်တာဗျူးတခုမှာ အလေးပေး ပြောဆိုခဲ့ပါတယ်။
Source: Reuters










