DVB Logo
Home
မြန်မာသတင်း
အယောင်ဆောင်သမဂ္ဂများကြီးစိုးလာပြီး အလုပ်သမားများအပေါ် လုပ်အားညှစ်ထုတ်ခိုင်းစေနေ
DVB
·
May 17, 2022
အယောင်ဆောင်သမဂ္ဂများကြီးစိုးလာပြီး အလုပ်သမားများအပေါ် လုပ်အားညှစ်ထုတ်ခိုင်းစေနေ
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းအထည်ချုပ်လုပ်ငန်းနယ်ပယ်မှာ အလုပ်ရှင်အကြိုက် ဖွဲ့စည်းထားတဲ့ အယောင်ဆောင်သမဂ္ဂ (Yellow Union) တွေ ခေါင်းထောင်ကြီးစိုးလာပြီး အလုပ်သမားတွေအပေါ် လုပ်အားညှစ်ထုတ် ခိုင်းစေမှုတွေ များလာတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ သမဂ္ဂအဖွဲ့ဝင်တဦးက “အခုဆိုရင် အလုပ်ရှင်တွေက သူတို့ဆန္ဒအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ဆိုပြီး ဥပမာ-အချိန်ပိုခေါ်ချင်တာ၊ လိုင်းချိန်းချင်တာ၊ အာဝါဒီ တိုးတောင်းချင်တာ၊ အဲ့ဒီလို အမျိုးစုံပေါ့နော်။ အဲ့ဒါမျိုးလုပ်ဖို့အတွက် သူတို့က ဦးဆောင်ပြီး သမဂ္ဂတွေ ဖွဲ့ထားတာရှိတယ်။ အဲဒီသမဂ္ဂနဲ့ လက်မှတ်ထိုးခိုင်းပြီးတော့ အလုပ်သမားတွေကို သူတို့ကတဆင့် ညှိနှိုင်းခိုင်းတာ။ ပြီးတော့ စက်ရုံကနေ ကြေညာလိုက်တယ်။ ဒီမှာရှိတဲ့ အလုပ်သမာသမဂ္ဂနဲ့ ငါတို့ ညှိပြီးသွားပြီ။ တနာရီကို ဘယ်လောက်ပေးရမယ်။ တပတ်ကို ဘယ်လောက်လုပ်ရမယ်။ ပြီးတော့ တခါ စက်ရုံတွေမှာ ပြောင်းလဲချင်တဲ့ ကိစ္စတွေကိုလည်း သူတို့ဖွဲ့ထားတဲ့ သမဂ္ဂနဲ့ ပြောခိုင်းတာ။ ပြောချင်တာက အငှားဗိုက်နဲ့ ဓားထိုးခိုင်းတာနော်။ ဒါက သူတို့လုပ်ချင်တာကို သမဂ္ဂကတဆင့် ခိုင်းပြီး လုပ်ခိုင်းတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို လုပ်အားညှစ်ထုတ်ခိုင်းစေတာကို Brand အမှတ်တံဆိပ်နဲ့ စာချုပ်ချုပ်ထားတဲ့ အထည်ချုပ်လုပ်ငန်းတွေကပါ ချိုးဖောက်မှု ရှိလာတယ်လို့ အထည်ချုပ်ဝန်ထမ်းတဦးက ပြောပါတယ်။

“မင်းတို့ စက်ရုံမှာ သမဂ္ဂရှိလား။ ဥရောပ Brand၊ ယူအက်စ် Brandတို့က သူတို့နဲ့ အလုပ်လုပ်လို့ရှိရင် သမဂ္ဂ ရှိရတယ်။ ဘာလို့လဲဆို သူက လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို အားပေးရမယ်ဆိုတဲ့မူ ရှိတာကြောင့် သူတို့အပ်တဲ့ စက်ရုံတွေမှာ ပိုင်ရှင်တွေက ဒီ့အတွက် ဟန်ပြ ဖွဲ့ထားကြတယ်။ အပြည်ပြည်ဆိုင်ရာအဖွဲ့တွေက လာတဲ့အခါမှာတော့ စက်ရုံထဲမှာ ကိုယ်ဝန်သည်တွေ ရှိလား၊ လုပ်အားညှစ်ထုတ်မှုတွေ ရှိသလား စသဖြင့် မေးတဲ့မေးခွန်းတွေ မေးတာမျိုး ရှိတယ်။ ဒီ့အတွက် သူတို့က Cover လုပ်ထားကြတာ။ တခါတလေ buyer audit လာလို့ ရှိရင် အလုပ်ဆင်းနေတဲ့ ကိုယ်ဝန်သည်တွေကို ချက်ချင်း ပြန်လွှတ်ပေးလိုက်တာမျိုးလည်း ရှိတယ်။ အဲဒီလို တယောက်စ၊ နှစ်ယောက်စ၊ သုံးယောက်စ ပြန်ရတာမျိုးရှိရင် သူတို့ကို ဖယ်ရီ မစီစဉ်ပေးဘူး။ ဖြစ်သလိုပဲ ပြန်ရတယ်။ ပြီးတော့ အဲဒီနေ့အတွက် နေ့တွက်မရတာမျိုးပါ အလုပ်သမားတွေ ခံနေကြရတယ်။” 

အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကတော့ “သမဂ္ဂ တော်တော်များများကလည်း ပြည်တွင်းထဲမှာ မရှိတော့ဘူးနော်။ ကျန်ရှိတဲ့ဟာတွေကလည်း ပေါ်ပေါ်ထင်ထင် မလုပ်ရဲကြတော့ဘူးလေ အခု အခြေအနေမှာ။ ပြီးတော့ လုပ်ငန်းရှင်တွေကလည်း အလုပ်သမားအရေးကို အစစ်အမှန် ဆောင်ရွက်နေတဲ့ သမဂ္ဂတွေ ခေါင်းထောင်လာမှာကိုလည်း မလိုလားကြဘူး။ ဒါကြောင့် ကျန်ရှိတဲ့ သမဂ္ဂ အစစ်အမှန်တွေကို အပြီးသတ်ဖို့အတွက် သူတို့ လက်သပ်မွေးထားတဲ့ သမဂ္ဂတွေနဲ့ လက်ဝါးချင်းရိုက်ပြီး လုပ်နေကြတာ။ ဒါကြောင့် အယောင်ဆောင်သမဂ္ဂတွေကို လက်ခံပေးလို့ မရဘူး။ ဒါကို ကမ္ဘာကလည်း အသိအမှတ်ပြုလို့ မရဘူး။ Brand တွေကလည်း ပွင့်ပွင့်လင်းပြောရရင် ပြီးခဲ့တဲ့ လတွေက ထွက်သွားပါတယ်ဆိုပြီး ကြေညာတယ်။ သူတို့ ကြေညာချက်မှာ စကစ နဲ့ အလုပ် မလုပ်ပါဘူး၊ သူတို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်သွားပါပြီ ဆိုပြီးတော့လေ။ အဲဒါ အလကားပဲ ဟန်ပြ ပြောတာ။ နောက်ကွက်မှာက အခု အချိန်အထိလည်း လုပ်နေကြတာ။ ဒါက နိုင်ငံတကာမှာ ရှိနေတဲ့ သူတို့ရဲ့ စားသုံးသူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် Message တွေ ပေးထားပြီး သူတို့ ဂုဏ်ဖော်နေတာကိုတော့ လက်မခံနိုင်ဘူး။ ဒါကို ပြတ်ပြတ်သား ရှုတ်ချပေးဖို့ လိုတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့အထည်ချုပ်လုပ်ငန်းခွင်မှာ အလုပ်အကိုင်ပေါင်း ၂ သိန်းခွဲကျော် ဆုံးရှုံးခဲ့ရတာပါ။ 

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တနှစ်အကြာမှာ ကောင်းမွန်တဲ့ လုပ်ငန်းခွင်တွေ မရှိတော့တဲ့အတွက် လုပ်သားစျေးကွက်ကြီးက ချည့်နဲ့သွားပြီလို့ သုံးသပ်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013