DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အရာရှိ ၄ ဦးကို သင်တန်းပေးသည့် ဂျပန်ကာကွယ်ရေးဌာနကို ဂျပန်လွှတ်တော်၌ ကန့်ကွက်ကြားနာပွဲလုပ်
DVB
·
May 17, 2022
မြန်မာစစ်တပ်အရာရှိ ၄ ဦးကို သင်တန်းပေးသည့် ဂျပန်ကာကွယ်ရေးဌာနကို ဂျပန်လွှတ်တော်၌ ကန့်ကွက်ကြားနာပွဲလုပ်
1 / 3
Donate to DVB

မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့  မြန်မာစစ်တပ်ရဲ့  အရာရှိ ၄ ဦးကို ဂျပန်နိုင်ငံမှာ စစ်ပညာသင်ကြားပေးဖို့ လက်ခံခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက  ပြောကြားခဲ့တဲ့အပေါ် ကန့်ကွက်ကြားနာပွဲကို ဂျပန်နိုင်ငံ လွှတ်တော်အဆောက်အဦမှာ  မေလ ၁၇ ရက် ဒီနေ့ မနက်က ကျင်းပပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီး မစ္စတာနိုဘုအိုခိရှီက ဂျပန်အောက်လွှတ်တော်၊ လုံခြုံရေးဆိုင်ရာကော်မတီမှာ ဧပြီလ ၂၆ ရက်က မြန်မာစစ်တပ်ရဲ့ အရာရှိကျောင်းသား ၄ ဦးကို ဆက်လက် လက်ခံမှာဖြစ်ပြီး ဒီမိုကရေစီတိုင်းပြည်တခုမှာ စစ်တပ်အဖွဲ့အစည်းတခုရဲ့ လုပ်ငန်းဆောင်တာတွေအကြောင်း ဒီသင်တန်းသားတွေကို သေသေချာချာ သင်ကြားပေးခြင်းအားဖြင့် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်တည်ဆောက်တာမှာ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း ဖြေရှင်း ပြောဆိုထားခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး ကန့်ကွက်တဲ့ ကြားနာပွဲကို  မြန်မာ့ဒီမိုကရေစီထွန်းကားရေး ဂျပန်လွှတ်တော်အမတ်များအဖွဲ့ GIREN နဲ့ ဂျပန်လူ့အခွင့်အရေးအဖွဲ့တွေ ဖြစ်ကြတဲ့ HRW၊ HRN တို့က ဦးဆောင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဂျပန်ရုံးနဲ့ ဂျပန်ရောက် မြန်မာအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြကာ ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေကို ခေါ်ယူ မေးမြန်းကြားနာစေခဲ့တာ ဖြစ်ပါတယ်။

ကြားနာပွဲ တက်ရောက်ခဲ့သူ NUG ဂျပန်ကိုယ်စားလှယ်စောဘလှသိန်းက “လူသတ်အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လက်အောက်က စစ်အရာရှိတွေကို ဘာကြောင့် ဆက်လက် လက်ခံနေရတာလဲဆိုတဲ့ ဂျပန်လွှတ်တော်အမတ်တွေနဲ့ ဂျပန် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ မေးခွန်းကို လာရောက်ဖြေးရှင်းခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးရုံးမှ တာဝန်ခံအရာရှိတွေ ရေရာစွာ မဖြေရှင်းနိုင်ခဲ့လို့  ဂျပန်လွှတ်တော်အမတ်တွေနဲ့ ဂျပန်အန်ဂျီအိုက ဂျပန်တွေ ကျနော်တို့နဲ့အတူ အတော်စိတ်ပျက်သွားရတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အနာဂတ် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ရှေးရှုပြီး အခုလို လက်ခံလေ့ကျင့်ပေးတာပါလို့ ဂျပန်အစိုးရ တာဝန်ရှိသူတွေက ဖြေရှင်းပေမယ့် မြန်မာစစ်ကောင်စီကို တခြား နိုင်ငံတကာ အသိုက်အဝိုင်းလို အသိအမှတ်မပြု မဆက်ဆံဘဲ ဂျပန်အစိုးရအနေနဲ့ NUG အစိုးရကို အမြန်အသိအမှတ်ပြု ဆက်ဆံဖို့ ထောက်ပြဆွေးနွေးခဲ့ကြောင်းလည်း စောဘလှသိန်းက ပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီနဲ့အတူ မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ ပူးတွဲတရားခံအဖြစ် ခံစားမိတဲ့အကြောင်း ဂျပန်အစိုးရတာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် ပြောကြားခဲ့တယ်လို့ ဒီနေ့ ကြားနာပွဲတက်ရောက်ခဲ့သူ ဦးမြင့်ဆွေကလည်း ပြောပါတယ်။

“ဂျပန်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ဆက်လက် လက်မခံ၊ မထောက်ပံ့ဖို့ ကျနော်တို့ တနှစ်ပတ်လုံး တောက်လျှောက် အကြိမ်ကြိမ် သွားတောင်းဆိုထားတယ်။ ဒါ အကြမ်းဖက် သတ်ဖြတ်ခံနေရတဲ့ ကျနော်တို့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ဂရုမစိုက်တာ အသိအမှတ်မပြုတာပဲ။” 

ဂျပန်နိုင်ငံအခြေစိုက် ဂျပန်-မြန်မာ အဖွဲ့အစည်း ၅၇ ခုကလည်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို စာတစောင်ပေးအပ်ခဲ့ပြီး အဲဒီစာထဲမှာတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ၁၀၃၅၄ ယောက် မတရား ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကာ အပြစ်မဲ့ အရပ်သား ၁၇၉၈ ယောက် ရက်စက်စွာ သတ်ဖြတ်ခဲ့ရတယ်လို့ ရေးသား ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သိသာထင်ရှားစွာ ကျုးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို ဂျပန်အစိုးရအနေနဲ့ ဆက်လက်ထောက်ခံနေပါက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကို အဟန့်အတားဖြစ်စေပါတယ်လို့လည်း ရေးသားထားတာ တွေ့ရပါတယ်။

ဂျပန်အမျိုးသားကာကွယ်ရေးတက္ကသိုလ်က ၂၀၁၅ မှ စတင်ကာ မြန်မာစစ်တပ်အရာရှိတွေကို လက်ခံခဲ့ပြီး စုစုပေါင်း ၁၃ ယောက်  လက်ခံသင်ကြားနေပြီး ဂျပန်ကာကွယ်ရေးဆိုင်ရာ လေ့လာရေး အမျိုးသားအင်စတီကျုအပါအဝင် ဂျပန်ကာကွယ်ရေးဆိုင်ရာ တက္ကသိုလ်ကောလိပ်များမှ မြန်မာစစ်တပ်မှ အဆင့်မြင့်အရာရှိ ၁၇ ယောက်ကို သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013