DVB Logo
Home
မြန်မာသတင်း
ဩစတေးလျက မြန်မာအပေါ် သံတမန်ဆက်ဆံရေး လျှော့ချ
DVB
·
May 17, 2022
ဩစတေးလျက မြန်မာအပေါ် သံတမန်ဆက်ဆံရေး လျှော့ချ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်မှာ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်ပြုဖို့ ရှောင်ရှားတဲ့ အနေနဲ့ ဩစတေးလျနိုင်ငံက မြန်မာနိုင်ငံအပေါ် သံတမန်ဆက်ဆံရေး လျှော့ချဆက်ဆံသွားမယ်လို့ ဩစတေးလျ အခြေစိုက် အေဘီစီသတင်းမှာ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဩစတေးလျသံအမတ်ကြီး အန်ဒရေရာ ဖော်ကနာဟာ ပြီးခဲ့တဲ့ ဧပြီလမှာ သူ့ရဲ့ တာဝန်ထမ်းဆောင်မှု သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တာမို့ ခုတခါမှာတော့ ဩစတေးလျအစိုးရအနေနဲ့ သူ့ရဲ့နေရာမှာ သံအမတ်ကြီး အဆင့်တူ နောက်ထပ်ခန့်အပ်တာမျိုး မလုပ်တော့ဘဲ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာန (DFAT)က အကြီးတန်းအရာရှိတယောက်ကို ရွေးချယ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အဆိုပါ ပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံကို ခရီးသွားလာခွင့်မရသေးဘဲ မြန်မာနိုင်ငံမှာရှိတဲ့ သြစတြေးလျ သံရုံးရဲ့အကြီးအကဲဖြစ်တာဝန်ယူမှာဖြစ်ကာ သူရဲ့ကိုယ်စားလှယ်ခန့်အပ်လွှာကိုလည်း အကြမ်းဖက်စစ်ကောင်စီ ဆီကို ပေးအပ်မှာ မဟုတ်ဘူးလို့လည်း သတင်းက ဆိုပါတယ်။

သြစတြေးလျအစိုးရရဲ့ အဆိုပါ ဆုံးဖြတ်ချက်အပေါ် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံရေး အတိုက်အခံတွေက ချီးကျူးခဲ့ကြကာ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဖီလ်ရော်ဘတ်ဆန်ကတော့ “ဒါအရေးကြီးတဲ့ သိသာထင်ရှားတဲ့ အဆင့်တခုပါပဲ။ ဒါပေမဲ့ မြန်မာစစ်ကောင်စီအနေနဲ့ နိုင်ငံတကာက အသိအမှတ်ပြုမှု ရလိုတာကြောင့် ခုလိုဆုံးဖြတ်ချက်ဟာ သူတို့ကို ဒေါသနဲ့ မကျေနပ်မှုတွေ ဖြစ်လာစေမှာပဲ။ (ဩစတေးလျ အစိုးရရဲ့) ခုလိုငြင်းဆိုမှုက ‘မင်းရဲ့ အာဏာသိမ်းမှုက တရားမဝင် ဖြစ်ပြီး ကျူးလွန်နေတဲ့ အခွင့်အရေးချိုးဖောက်မှုတွေက ဒေါသထွက်စရာ လက်ခံနိုင်စရာမရှိဘူး' လို့ ပြောဖို့ အရေးကြီးတဲ့ခြေလှမ်းတခုပါ”လို့ အေဘီစီ သတင်းကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဩစတေးလျနိုင်ငံ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကလည်း စစ်ကောင်စီကို သံတမန်အဆင့် လျှော့ချ ဆက်ဆံဖို့ ဆုံးဖြတ်တဲ့ သြစတြေးလျရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းနဲ့ ဒီဆုံးဖြတ်ချက်က ဩစတေးလျအပေါ် မြန်မာနိုင်ငံသားတွေရဲ့ ယုံကြည်မှု ပိုမိုခိုင်မာစေလိမ့်မယ်လို့ ပြောပါတယ်။

“စစ်ကောင်စီဟာ နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေဆီက သံတမန်ရေးရာအရ အသိအမှတ်ပြုခွင့်ရဖို့ အမြဲတမ်း ဝါဒဖြန့်ပြီး အသုံးချခဲ့တာ ကျ‌နော်တို့ အားလုံးအသိပါပဲ”လို့ အေဘီစီသတင်းကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013