DVB Logo
Home
မြန်မာသတင်း
ရေလယ်ကျွန်းဒေသ၌ ၁၀ ရက်အတွင်း စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ​အိမ်ခြေ ၁၅၀ နီးပါး ဆုံးရှုံး
DVB
·
May 16, 2022
ရေလယ်ကျွန်းဒေသ၌ ၁၀ ရက်အတွင်း စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ​အိမ်ခြေ ၁၅၀ နီးပါး ဆုံးရှုံး
1 / 4
Donate to DVB

မကွေးတိုင်းဒေသကြီး ရေစကြိုမြိုနယ် ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို မေ ၇ ရက်ကနေ ၁၆ ရက်အထိ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူတွေရဲ့ နေအိမ် ၁၅၀ လောက် ဆုံးရှုံးခဲ့တယ်လို့ ရေစကြို PDF နဲ့ ဒေသခံတွေက ပြောပါတယ်။

ရေလယ်ကျွန်းဒေသ သတင်းပြန်ကြားရေးတာဝန်ခံက "မနေ့ညက မိုးကွဲရွာမှာ စခန်းချပြီးတော့ ဒီကနေ့ မနက်မှာ မိုးကွဲရွာကို မီးရှို့ထားခဲ့တယ်။ အဲဒီကနေပြီးတော့ တောင်ကုန်းရွာ ကံဦးရွာကို လည်း တရပ်စပ်မီးရှို့သွားတယ်ဗျ။ သွားတုန်းက မီးရှို့သွားတဲ့ မဲကုန်းရွာကိုလည်း ထပ်မီးရှို့တယ်ဗျ၊ အိမ်အားလုံးပေါင်းရွာ ၂၀ နီးပါးလောက် မီးရှို့ခံရတယ်ဗျ” လို့ ပြောပါတယ်။

ကံဦးကျေးရွာ ဒေသခံပြည်သူတယောက်က “စစ်ကောင်စီတပ်တွေ စစ်ကြောင်းစထိုးတဲ့ နေ့ကတည်းက ကျနေတို့ ရွာသူရွာသားတွေ အသက်လုပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာဗျ။ ဒီနေ့မနက်ပိုင်းမှာလည်း စစ်(...) တွေက ကျနော်တို့ရွာကို မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၃၀ လောက်မီးထဲပါသွားပြီ။ အိမ်နဲ့ မနေဖူးတဲ့ကောင်တွေ ဆိုတော့ အိမ်တအိမ်ရဲ့ တန်ဖိုးကို ဘယ်နားလည်မလဲ။ ပြည်သူတွေမှာတော့ မျက်ရည်နဲ့ မျက်ခွက် ခံစားကြရတာ။ ကျနော်တို့ ပြည်သူတွေရဲ့ အပူမီးတွေဟာ သူတို့အတွက် ကောင်းကောင်း ဝဋ်လည်ကြမှာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းဒေသအတွင်း မိုင်းခွဲခံရတာ၊ တိုက်ပွဲဖြစ်ပွားတာတွေ မရှိတဲ့ အနေအထားမှာပင် လူနေအိမ်တွေကို လိုက်လံဖျက်ဆီးမီးရှို့နေတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ရေလယ်ကျွန်းဒေသက စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးမှု အားနည်းတာကြောင့်လို့ ထင်တယ်။ သူတို့က မိုင်းခွဲလို့ မီးရှို့တာ တိုက်ပွဲဖြစ်လို့ မီးရှို့တာမျိုး မဟုတ်ဘူး။ ဒီအတိုင်း ဘာမှမဖြစ်ပဲ မရှိဘဲနဲ့ကို အိမ်တွေ လိုက်မီးရှို့နေတာ။ ပြီးတော့ကျနော်တို့ ရေလယ်ကျွန်းဒေသကလည်း စစ်ကောင်စီကို အပြည့်အဝဆန့်ကျင်တဲ့ဒေသဖြစ်တာကြောင့်လည်း အဲဒီလို လုပ်နေတာ ထင်တယ်။”

စစ်ကိုင်းတိုင်းဘက်ကနေ စစ်ကောင်စီတပ်တွေဟာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်း ၃ ကြောင်း နဲ့ဝင်လာပြီး မီးရှို့ဖျက်ဆီးနေတာလို့ ရေစကြို PDF တပ်ရင်း ၂ ရဲ့ တပ်ရင်းမှူး ဗိုလ် မှိုင်းတေဇက ဒီဗွီဘီကို ပြောပါတယ်။

“စစ်(...)တွေ ရွာတရွာကို ဝင်မွှေပြီဆိုတာနဲ့ ပြည်သူတွေနဲ့ စစ်(...) တွေကြားထဲမှာ ကျနော်တို့ အမြဲတမ်းရှိတယ်ဗျ။ တိုက်လို့ရရင်လည်းတိုက်တယ်၊ တိုက်လို့မရရင်လည်း ဒီအတိုင်းစောင့်ကြည့်နေပြီးတော့ သူတို့တွေ ရွာကိုသောင်းကျန်းပြီး ပြန်ထွက်သွားတာနဲ့ လုံခြုံရေးအပြည့်နဲ့ နယ်မြေရှင်းလင်းပေးရတယ်။ ရွာကို မီးရှို့သွားရင်လည်း ပြည်သူတွေနဲ့ ပူးပေါင်းပြီး မီးငြိမ်းသတ်ပေးရတယ်။” 

ကောက်ယူရရှိတဲ့စာရင်းတွေအရ စစ်ကောင်စီတပ်က ၁၀ ရက်အတွင်း မဲကုန်းနဲ့ကံဦးရွာက အိမ် ၂၀၊ မိုးကွဲရွာက ၁၇ အိမ်၊ လှေခုတ်ရွာက ၁၈ အိမ်၊ မိဖုရားနဲ့မြေစွန်းရွာက ၁၁ အိမ်၊ အိမ်တောင်ကုန်းရွာက ၉ အိမ်၊ ဆည်သည့်ရွာက ၈ အိမ်၊ ငတရော်ရွာက ၇ အိမ်၊ ရွှေလှံရွာက ၃ အိမ်၊ ဖြုံဘူးရွာက ၂ အိမ်နဲ့ သာဂေါင်၊ သောင်ရှေ့၊ မင်းရွာနဲ့ဘိုကုန်းတို့မှာ ၁ အိမ်စီ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးလို့ အမြဲတမ်းငြင်းဆန်လေ့ရှိသလို PDF တပ်ဖွဲ့တွေကသာ မီးရှို့ ဖျက်ဆီးနေတာလို့ စွပ်စွဲ ပြောဆိုလေ့ရှိပါတယ်။

မကွေးတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဧပြီ ၃၀ ရက်အထိ စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၂၁၃၁ လုံး မီးလောင် ဆုံးရှုံးခဲ့တယ်လို Data For Myanmar က မေ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နေ့စဉ်လိုလို တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာ စစ်ဘေးမီးဘေး‌ရှောင် ပြည်သူတွေဟာ နီးစပ်ရာဆွေမျိုးတွေ၊ ဘုန်းကြီးကျောင်းတွေမှာ မှီခိုနေထိုင်နေရပြီး တချို့သူတွေမှာ နီးစပ်ရာဆွေမျိုး မရှိတာကြောင့် ရပ်ဝေးမှာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအတွက် နီးစပ်ရာကျေးရွာများက ဝိုင်းဝန်းထောက် ပံ့နေကြ ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013