DVB Logo
Home
Lead Story
အလှူ ရေစက် လက်နဲ့မကွာ
DVB
·
May 16, 2022
အလှူ ရေစက် လက်နဲ့မကွာ
Donate to DVB

မိုးလေးအေးအေးထဲမှာ အဘစောမူးသာက အိမ်ကိုကြွခဲ့ပါအုံးလို့ လှမ်းခေါ်တာနဲ့ ခမောက်ကလေး ဆွဲဆောင်းပြီး ထွက်လာခဲ့ပါတယ်။ မိုးက မုန်တိုင်းအရှိန်နဲ့ ရွာတဲ့မိုး။ တကယ့် မိုးဥတုကြီးတော့ ဟုတ်ဟန်မတူသေးပါဘူး။ နွေသစ်ရွက်တွေဟာ မိုးရေစွတ်စိုမှုကြောင့် သစ်လွင်လန်းဆန်းနေသလိုပါပဲ ခင်ဗျ။ မန်ကျည်းရွက်တွေတောင်မှ ရုတ်တရက် ထနုနေပါရောလား။ ရွာရဲ့အိမ်ခြံစည်းရိုးတွေမှာ မန်ကျည်းပင်လေးတွေ ကိုယ်စီစိုက်ထားကြတာမို့ ခြံစည်းရိုးလည်းဖြစ် ချဉ်ရည်ဟင်းအတွက်လည်း လိုတဲ့သူ လာခူးပါပဲ ခင်ဗျ။

အဘစောမူးသာတို့အိမ်ရောက်တော့ ထမင်းဝိုင်းကြီးနဲ့ တဲ့တဲ့တိုးနေပါရောလားဗျာ။ အဘ စောမူးသာရဲ့သူငယ်ချင်း အဘထွန်းခင်တို့၊ အဘ ရစ်ချတ်တို့လည်း ရောက်နေပါတယ်။ သူတို့က ထမင်းတခါတည်း ဝင်စားဖို့ ပြောလို့ ဝင်ထိုင်လိုက်ရပါရောလား ခင်ဗျား။

"ဖေကြီးရေ . . သုံးထပ်သားကို အရက်နဲ့ နယ်နှပ်ထားပြီး ပဲငံပြာရည်နဲ့ အိနေအောင် ဆီပြန်ချက်ထားတယ်။ မန်ကျည်းရွက်ချဉ်ရည်ရယ်၊ ငရုတ်သီးစိမ်း ငါးပိထောင်းစပ်စပ်ရယ်၊ ပဲကြီးနှပ်ရယ် . . . အားရပါးရသာ ဆွဲဟေ့"

" အဘစောမူးသာလက်ရာပဲဗျာ . . . အားလဲ နာမနေတော့ပါဘူး . . . ဆွဲပြီဗျို့"

“ဟားဟား ဟားဟား ဟားဟား . . . . . ."

ဝက်သားကလည်း နူးပြီး အိနေတာပဲဗျ။ မန်ကျည်းရွက်ချဉ်ရည်နဲ့ ငါးပိထောင်းစပ်စပ်နဲ့ဆိုတော့ လိုက်လည်းလိုက်တာပေါ့ဗျာ။ တို့စရာကတော့ ဥသျှစ်ရွက်နုနုလေးတွေနဲ့ ငှက်ပျောဖူး ထက်ခြမ်းခွဲပြုတ်ဗျ။ ကောင်းဗျာ။

ထမင်းစားပြီးကြတော့ ရေနွေးကြမ်းဝိုင်းပေါ့။ အဲသည်မှာလည်း ထန်းလျက်ခဲနဲ့ လက်ဖက်ပွဲ။ အဘစောမူးသာက စကား စပါတယ်။

"ဖေကြီးရေ . . ဒါ ငါ့သူငယ်ချင်း 'ရစ်ချတ်' ပေါ့ကွ" "ဟာ . . . အဘကလည်း ဖေကြီးနဲ့ အဘ 'ရစ်ချတ်' နဲ့ သိတာ ကြာပြီလေ ခင်ဗျ။" "ဟုတ်တယ်လေ မူးသာရဲ့၊ ဖေကြီးနဲ့ ငါနဲ့သိတာ ကြာလှပြီလေဟာ။ ခုမှ ဘာလာကြောင်နေပြန်တာလဲ မသာရဲ့"

"ဟားဟား ဟားဟား ဟားဟား" အဘစောမူးသာက ထရယ်ပါလေ၏။ ပြီးတော့ သည်လို ပြောပြန်ပါတယ် ခင်ဗျ။ “ဖေကြီးရေ . . . 'ရစ်ချတ်' က အခု နာမည်အသစ်ရနေပြီကွ၊ 'ကလစ်ရစ်ချတ်' လို့ အမည်ပြောင်းထားလိုက်ပြီ ဟ"

"သူငယ်ချင်း မူးသာကတော့ လုပ်ပြီ။”

'ကလစ်ရစ်ချတ်' ဆိုတော့ ကမ္ဘာကျော် အဆိုတော်ကြီး 'ကလစ်ဖ်ရစ်ချတ်' ကို သွားသတိရမိတယ်။ အဘရစ်ချတ်ဟာ သီချင်းဆိုလည်း ကောင်းတယ်ဆိုတော့ အဲသည်အဆိုကျော်ကြီး 'Cliff Richard' ကိုလည်း ခိုက်ပုံရတယ်လို့ ထင်မိတာပေါ့။

အဲသည်အဆိုကျော်ကြီး 'Cliff Richard' ဆိုတာ ကမ္ဘာကျော်ကြီးပေါ့။ မြန်မာပြည်က ကော်ပီတေးပေါင်းများစွာမှာ အဲသည် ကလစ်ဖ်ရစ်ချတ် ဆိုတဲ့ ဘိုးတော်ကြီးရဲ့ သီချင်းသံစဉ်ပေါင်း များစွာမှ များစွာ ပါဝင်တာပေါ့ ခင်ဗျာ။ ပလေးဘွိုင်သန်းနိုင်က အစ ထူးအိမ်သင်တို့အထိ ရှိခဲ့တာပါ။ ကျော်ဟိန်းကြီးကော်ပီဆိုခဲ့တဲ့ သီချင်းတွေ များစွာထဲမှာလည်း ကလစ်ဖ်ရစ်ချတ်သီချင်းတွေ တလှေကြီးပါတယ် ခင်ဗျ။ ဥပမာပြောရရင် 'Move It' ဆိုတဲ့ သီချင်းကို 'ကမ္ဘာသစ်' ဆိုပြီး ကျော်ဟိန်းကြီး ကော်ပီဆိုခဲ့တာပေါ့။

"မှောင်သောညတွေ ပြီးရင် တွေ့မယ် ငြိမ်းချမ်းသော ကမ္ဘာသစ်ကြီး . . . တေးသံကြားရင် ဒို့လူသားတွေ သဘောထားတွေပြောင်း . . . . ရန်ပွဲတွေရပ် ငြိမ်းချမ်းရေးကို မင်း မြင်လား . . . . ကောင်းကင်ထက်မှာ ချိုးဖြူငှက်များ ဝဲပျံသွား တွေ့လား . . . . . . . . . . . "

'ကလစ်ဖ်ရစ်ချတ်' ကို ဖေကြီးလည်း ခိုက်တယ် အဘစောမူးသာရဲ့။

"ဟားဟား ဟားဟား ဟားဟား "

"အေးပါ . . . ချောက်တွန်းပါ မူးသာရေ၊  ဟိုက 'Cliff Richard ' ကွ။ ဒီကောင်ကြီးကတော့ 'Click Richard' ပါတဲ့ကွ၊ အဟ . . . အဟ . . . အဟ . . . "

'Click Richard' ဆိုတော့ . . . . . .၊ အေးကွ . . . ရစ်ချတ်က နေ့စဉ်နေ့တိုင်းပဲ တရက်မပျက် 'Click' တဲ့သူကွ။ NUG အစိုးရအတွက်၊ PDF တွေအတွက် အလှူငွေ များများရအောင် ငါလည်းတတ်နိုင်တဲ့ဘက်က ကူညီနေတာလေကွာ။ ငါ တနေ့ကို အနည်းဆုံး နာရီဝက်လောက် အချိန်ပေးပြီး 'ကလစ်' တယ်ကွ ဖေကြီးရ။

"ဟုတ်ကဲ့ပါ အဘရစ်ချတ် "

"အွန်လိုင်းမှာ အဲသလို 'ကလစ်' လုပ်တဲ့သူတွေ များလေလေ အလှူငွေတွေ များများ ရောက်လေပဲပေါ့ကွ။ ဒါ့ကြောင့် ဒီကောင့်ကို ချစ်စနိုးနဲ့ 'Click Richard ' လို့ စနေတာ ပါဗျား . . . ဟားဟား ဟားဟား ဟားဟား"

ပြီးမှ အဘစောမူးသာက ရှင်းပြပါတယ်။ ခင်ဗျ။ နိုင်ငံ့ပလ္လင်ပေါ်ကို (-) တက်ထိုင်နေပြီဆိုရင် အဲသည် (-) ကို ' မောင်းချဖို့ ' တာဝန်ဟာ နိုင်ငံသားတိုင်းမှာ ရှိပါတယ်တဲ့။

"အေး . . . အဲသည် (-) ကို သွားမောင်းတဲ့နေရာမှာ အားလုံးပဲ တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုတယ်။ ကိုယ်က အနားမကပ်ဝံ့ရင် ကပ်ရဲတဲ့သူတွေအတွက် တုတ်တို့၊ ခဲတို့၊ လေးခွတို့၊ လောက်စာလုံးတို့ ဝိုင်းရှာပေးကြရမယ်။ ကိုယ့်မှာရှိတဲ့ဟာတွေကို ဝိုင်းပြီးပံ့ပိုးကြရမဟ"

အခုအခါမှာ ဖက်ဆစ်တပ်က သေနာငပုဟာ ရူးနေပြီဖြစ်ကြောင်း၊ သွက်သွက်ခါနေပြီဖြစ်ကြောင်း။ NUG ကို ထောက်ပံ့နေတယ်ဆိုပြီး PDF တွေကို ငွေလှူနေတယ်ဆိုပြီး ပြည်သူတွေရဲ့ ဘဏ်အကောင့်တွေ၊ KPay အကောင့်တွေ၊ WaveMoney တွေကို တလကြမ်းပဲ လိုက်ရမ်းလိုက်ဖမ်းနေတဲ့အတွက် အဆင်မပြေကြဘူးတဲ့။ ဒါကြောင့်မို့ စိတ်ချလုံခြုံတဲ့ ဒါရိုက်ရောက်တဲ့ အဲသည် 'Click ' နည်းနဲ့ နိုင်ငံသားတိုင်း လွတ်လပ် လုံခြုံ ဘေးကင်းစွာ ပါဝင်ကြဖို့ဟာ 'သမိုင်းပေးတာဝန်' ပါလို့ ပြောပါတယ် ခင်ဗျ။

"ကဲ ကဲ . . . ကလစ်ရစ်ချတ် ဖုန်းထုတ်၊ ကလစ်ထွန်းခင် ဖုန်းထုတ်၊ ကလစ်ဖေကြီး ဖုန်းထုတ်၊ ဒို့တွေ 'ကလစ်' ကြမယ်"

"အမိန့်တော်မြတ်အတိုင်းပါ ကလစ်စောမူးသာ ကိုယ်တော်ကြီးဘုရား . . . . . ."

"ဟားဟား ဟားဟား ဟားဟား"

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013