DVB Logo
Home
မြန်မာသတင်း
သမ္မတ၏ ကချင်ပြည်နယ်ခရီးစဉ်ကို ငြိမ်းချမ်းရေးခရီးစဉ်အဖြစ် ရှုမြင်
DVB
·
March 17, 2014
သမ္မတ၏ ကချင်ပြည်နယ်ခရီးစဉ်ကို  ငြိမ်းချမ်းရေးခရီးစဉ်အဖြစ် ရှုမြင်
Donate to DVB

သမ္မတဦးသိန်းစိန်ရဲ့ ကချင်ပြည်နယ်ခရီးအပေါ် ကချင်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ငြိမ်းချမ်းရေး လက်တွေ့ဖော်ဆောင်နိုင်မယ့် ခရီးစဉ်အဖြစ် ရှုမြင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ကြပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ်ကို သွားရောက်ပြီး ငြိမ်းချမ်းရေးကို မဖြစ်မနေ ဖော်ဆောင်ဖို့ ပိုင်းဖြတ်ထားတာကို ထပ်လောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

[caption id="attachment_53355" align="alignleft" width="300"]ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ် ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်[/caption]မတ်လ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့ခံ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတက ခုလိုပြောကြားလိုက်တာပါ။

သမ္မတက ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရောင်ခြည် ထွက်ပေါ်လာပြီဖြစ်ကြောင်း ၊ မကြာသေးခင်က ရန်ကုန်မြို့မှာ တိုင်းရင်း သားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ယုံကြည်မှုတည်ဆောက်နိုင်ခဲ့တဲ့အတွက် တနိုင်ငံလုံးအပစ်ခတ်ရပ်လက်မှတ်ရေးထိုးနီုင် မယ့်နေ့တွေဟာ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ကြောင်း ၊ သန်း(၆၀)သော မိဘပြည်သူအားလုံးရဲ့ ပြည်တွင်းစစ်မီးလျှံတွေ ငြိမ်းသတ်နိုင်ဖို့ ဘုံမျှော်လင့်ချက်ကို အလေးထား ဖော်ဆောင်ရမယ်လို့ သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

သမ္မတတွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန့်အောင်ကလည်း သမ္မတအနေနဲ့ သူ့ပြောကြားချက်တွေအပေါ် လက်တွေ့ အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

"ပြုပြင်ပြောင်းလဲမှု ရှိတာတွေပြောတယ်။ ဒါတော့ မြင်သာတဲ့ကိစ္စလည်းဖြစ်ပါတယ်။ ပြီးရင် နှစ် ၆၀ ကျော် ပြည်တွင်းမငြိမ်သက်မှု ပြည်တွင်းစစ်အဆုံးသပ်နိုင်ဖို့ ငြိမ်းချမ်းရေးကို မဖြစ်မနေလုပ်ဖို့ သန္နိဋ္ဌာန်ချထားကြောင်းပြောတာတော့ ကျနော်နှစ်သက်တဲ့ ထဲမှာ ပါပါတယ်။ နိုင်ငံတော်သမ္မတအနေနဲ့ လူထုရှေ့မှာ အဲလိုပြောတယ်ဆိုတော့ လက်တွေ့လည်း အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။"

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဟာ ကျန်တိုင်းနဲ့ပြည်နယ်အသီးသီးမှာလိုမဟုတ်ဘဲ ထိတွေ့တိုက်ပွဲဖြစ်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့နေရာဖြစ်ပါတယ်။

ကချင်ပြည်နယ် ဒေသခံတွေဟာလည်း ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာလိုပဲ စစ်ပွဲတွေကို ရပ်နားစေချင်ပြီး လတ်တလောမှာတော့ ထောင်သောင်ချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေမှာ ချို့ငဲ့စွာနေထိုင်ကြရတာပါ။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့ သမ္မတရဲ့ ခရီးစဉ်မှာ လူမှုကယ်ဆယ်ရေးဝန်ကြီးပါ ပါလာတဲ့အတွက် နယ်စပ်နေဒုက္ခသည်များရဲ့ အခြေအနေကို သွားလေ့လာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

"ဒုက္ခ္ခသည်စခန်းသွားမယ်လို့ တွေ့ဆုံပွဲမှာ မပြောပေမယ့် အဲဒီမှာလူမှုကယ်ဆယ်ရေးဝန်ကြီးလည်းပါတယ်လေ၊ သူတို့ သွားမှာပါ။ သူလာတော့ ပိုကောင်းတာပေါ့။ ကျနော်တို့ကချင်ပြည်ရဲ့ ပကတိအခြေအနေတွေ တွေ့သွားမယ်၊ ကချင်ပြည်နယ်မှာ သံယောဇဉ်ရှိတာလည်း သူပြတယ်။ ဒီခရီးစဉ်ကနေ ယုံကြည်မှုတည်ဆောက်တဲ့ အပိုင်းမှာရော၊ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ နားလည်မှုတွေ ပိုရရှိနိုင်တာပေါ့။"

သမ္မတဟာ ငြိမ်းချမ်းရေးအကြောင်းတွေအပြင် ပြည်နယ်ဖွံ့ဖြိးရေးကိစ္စတွေမှာပါ ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင်ကြောင်း ကချင်ပြည်နယ် ကြက်ခြေနီအဖွဲ့ ပထမတန်းဦးစီးမှူး ဦးဂဲနပ်စ်ကလည်း သူ့အမြင်ကို ပြောသွားပါတယ်။

"သမ္မတကြီးလာတော့ ၀မ်းသာကြတယ်။ လေယာဉ်ကွင်းသွားလမ်းတလျှောက်လုံး လူထုတွေက ကိုယ့်ဘာသာကိုယ် တက်တက်ကြွကြွကြိုဆိုကြတယ်။ ၀န်ကြီးချုပ်က လမ်းပန်းဆက်သွယ်ရေး၊ ရေပေးဝေရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေ ပြောပြတော့ အစိုးရအနေနဲ့ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။"

သမ္မတ ဦးသိန်းစိန်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးပြီးတဲ့အခါ တိုင်းရင်းသားတွေ လိုလားတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်လုပ်ကိုင်မယ်ဆိုတာကိုလည်း ထပ်လောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ ပူးတွဲပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို အတူတကွ ပူးပေါင်းရေးဆွဲဖို့ သဘောတူပြီးတဲ့နောက် သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ ခရီးစဉ် ထွက်ပေါ်လာ တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013