DVB Logo
Home
မြန်မာသတင်း
ကလေး PDF တပ်ရင်း ၄ ခြေကုပ်စခန်းနှင့် မြောက်ယမား PDF စခန်းတို့ သိမ်းပိုက်ခံရ
DVB
·
May 16, 2022
ကလေး PDF တပ်ရင်း ၄ ခြေကုပ်စခန်းနှင့် မြောက်ယမား PDF စခန်းတို့ သိမ်းပိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ကလေးခရိုင် ကလေးမြို့နယ်အခြေစိုက် အမှတ် (၄) တပ်ရင်းရဲ့ ခြေကုပ်စခန်းဟာ  မေ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဥ် ၃ စီး၊ MI 35 ရဟတ်ယာဥ် ၂ စီး၊ Drone တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာအပါအဝင် ​ခြေလျင်တပ်အင်အား ၂၀၀ လောက်နဲ့ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ခံခဲ့ရပါတယ်။ 

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပထမပြုလုပ်ပြီးနောက် ခလရ (၈၉) မှ ဗိုလ်ကြီးရာဇာမျိုး၊ အခပ ဗိုလ်မှူးသန်းနိုင်၊ ခလရ (၂၆၈) မှ ဗိုလ်ကြီးဇွဲသူထွန်းတို့ ဦးဆောင်တဲ့ အင်အား ၂၀၀ ခန့်ရှိ ခြေလျင်စစ်ကြောင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်အင်အား၊ ကျည်အင် အား မလုံလောက်မှုကြောင့် ကလေး PDF ရဲဘော်တွေ စခန်းမှဆုတ်ခွာပေးခဲ့ရတယ်လို့ ကလေး PDF တာဝန်ခံက  ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေး PDF ရဲဘော် တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမဲ့ ကျဆုံးမှုတော့ မရှိဘူးလို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်သားတွေဟာ ကျနော်တို့ စခန်းများအတွင်းကို ၀င်ရောက်ပြီး စခန်းနဲ့စခန်းတွင်းရှိ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်” လို့ ကလေး PDF တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောတွင်းမှာ စစ်ဘေးရှောင်နေတဲ့ ရှေရှင်၊ လယ်ကြား၊ ကုက္ကိုလ်၊ ရှားတောစတဲ့ ကျေးရွာ ၆ ရွာက ဒေသခံ ၅၀၀၀‌ ကျော် ထပ်မံ ထွက်ပြေးတိမ်း‌ရှောင်နေကြရပါတယ်။

“ကျမတို့ စစ်ရှောင်နေတဲ့နေရာတွေကို ရဟတ်ယာဉ်နဲ့ပစ်ကြတာ လေကြောင်းကနေလည်း တိုက်ခိုက်တယ်။ ကုန်းကြောင်းကနေလည်း စစ်ကြောင်းထိုးကြတယ်၊ ကျမတို့မှာ ပြေးနေရတဲ့ကြား ထဲ ဆက်ပြီးပြန်ပြေးနေရတယ်။ အိမ်ကမီးရှို့ခံရလို့ နေစရာမရှိလို့ တောထဲမှာတဲထိုးနေတာ အခုတော့ အဲဒီတဲပါ မီးရှို့ခံလိုက်ရပြီ” လို့ ရေရှင်ရွာမှ စစ်ရှောင်တဦးက ဒီဗွီဘီကိုပြောပါတယ်။

စစ်ရှောင်ပြည်သူပေါင်း ၅၀၀၀ ကျော်ဟာ စားဝတ်နေရေးအလွန်ခက်ခဲနေပြီး စစ်ရှောင်စခန်းတွေကနေ ထပ်မံပြီးပြေးလွှားနေရတာကြောင့် အကူအညီများစွာ လိုအပ်နေပါတယ်။

စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရထားတဲ့ စစ်ရှောင်ပြည်သူတွေရှိပြီး အရေအတွက်ကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ယမား PDF စခန်းတခုလည်း မေ ၁၅ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်စီးနင်းခံခဲ့ရတယ်လို့ PDF အဖွဲ့က ပြောပါတယ်။

“ဒီနေ့ညနေ ၃ နာရီလောက် ယင်းမာပင်နယ်မှာရှိတဲ့ ကျနော်တို့ မြောက်ယမား PDF စခန်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းသွားတယ်၊ လူတွေတယောက် ဖမ်းမိတာတွေမရှိဘူး၊ အကုန်လုံးလွတ်မြောက်လာတယ်။ စခန်းက မီးရှို့သွားတယ်၊ ပစ္စည်းတွေ အကုန်ပါသွားတယ်၊ ပစ္စည်းတန်ဖိုး သိန်း ၅၀၀ လောက်ဆုံးရှုံးသွားတယ်” လို့ မြောက်ယမား PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တွေကို အင်းအားဖြည့်တင်း ထိုးစစ်ဆင်လာပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013