DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး အပစ်ရပ်ပြီးမှ ဒုက္ခသည်များ နေရပ်ပြန်မည်
DVB
·
March 17, 2014
တနိုင်ငံလုံး အပစ်ရပ်ပြီးမှ  ဒုက္ခသည်များ နေရပ်ပြန်မည်
Donate to DVB

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲပြီး ဘ၀အာမခံချက်ရှိမှသာ နယ်စပ်ရှိ ဒုက္ခသည်တွေ နေရပ်ပြန်မယ်လို့ ကရင်ဒုက္ခသည်ကော်မတီ (ကေအာစီ) က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေး မှုတွေ လုပ်နေတဲ့အချိန် ပြည်တွင်းက စစ်ပြေးဒုက္ခသည်နဲ့  ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခ သည်စခန်းက ဒုက္ခသည်တွေ ပြန်ဖို့ နေရာတွေ အစိုးရက ပြင်ဆင်ပေးနေတယ်ဆိုတဲ့ သတင်းထွက်ပေါ်နေပါတယ်။

[caption id="attachment_53340" align="alignright" width="240"]မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ဒီဗွီဘီ) မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ဒီဗွီဘီ)[/caption]

ဒီလို ပြင်ဆင်နေပေမယ့် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ လုံခြုံမှု မရှိသေးတဲ့အတွက် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲပြီး ဘ၀အာမခံချက်ရရှိမှသာ နယ်စပ်ရှိဒုက္ခသည်တွေ နေရပ်ပြန်မယ်လို့ ကေအာစီ တွဲဖက်အတွင်းရေးမှူး နော်ဘလူ မင်းနိုက်ဇန်က ပြောပါတယ်။

ပြီးခဲ့တဲ့  ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း ကေအာစီဟာ ကရင်ပြည်နယ်အစိုးရအဖွဲ့ နဲ့ အလွတ်သဘော တွေ့ဆုံပြီး ဒုက္ခသည်တွေ အိမ်ပြန်နိုင်တဲ့အချိန်ရောက်တဲ့အခါ အတူတကွလက်တွဲ  အလုပ်လုပ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ တာ့ခရိုင်  အုန်းဖျန်ဒုက္ခသည်စခန်းမှာနေတဲ့ ဦးကျော်လင်းစိုးကတော့ လက်ရှိအချိန်မှာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေအများစုဟာ အိမ်ပြန်ဖို့ စိတ်မ၀င်စားကြဘူးလို့ ပြောပါတယ်။ ဒါ့အပြင် အိမ်ပြန်ဖို့ နေရာဒေသ လုံခြုံမှုမရှိသေးတဲ့အပေါ် စိုးရိမ်လို့ မပြန်ချင်ကြဘူးလို့ ပြောပါတယ်။

မယ်လဒုက္ခသည်စခန်းအတွင်းရေးမှူး နော်ဒေးဒေးဖိုးကလည်း လက်ရှိမှာ ဒုက္ခသည်တချို့ ဇာတိမြေကို ပြန်သွားသူတချို့ ရှိပေမယ့် ဒုက္ခသည်စခန်းကို ပြန်လာကြတာ များတယ်လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုမှာ ပြန်လည်နေရာချထားပေးနေတဲ့ အစီအစဉ်ကို တရားဝင် အဆုံးသတ်ခဲ့ပါတယ်။ တခြားနိုင်ငံတွေကလည်း လတ်တလောမှာ ဒုက္ခသည်တွေကို မခေါ်သေးဘူးလို့  ပြောပါတယ်။

ပြီးခဲ့နှစ်ကုန်ပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ်ကူညီရေးအဖွဲ့ (တီဘီစီ) က ရိက္ခာနဲ့  ပညာရေးဆိုင်ရာ အကူအညီတချို့ လျှော့ချခဲ့တာကြောင့် ဒုက္ခသည်တချို့ စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ အုန်းဖျန်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဦးကျော်လင်းစိုးက ပြောပါတယ်။

ဒီဖြစ်ရပ်တွေရဲ့  နောက်ဆက်တွဲအဖြစ် ဒုက္ခသည်စခန်းက ဆေးရုံဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက် မြေမြှုပ်မိုင်းရှင်းလင်းရေး၊ နေရာချထားရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေးနဲ့ စားဝတ်နေရေး  အထောက်အပံ့ အစီအစဉ်တွေဟာလည်း  အရေးတကြီး လုပ်ဆောင်ကြရမယ့် အစီအစဉ်တွေဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာဒုက္ခသည်ပေါင်း ၁၂၀,၀၀၀ ကျော် လောက် ဆက်လက်ခိုလှုံနေကြဆဲဖြစ်တယ်လို့ တီဘီစီ စာရင်းအရ သိရပါတယ်။

အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013