
မတ် ၁၇ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်ကင်းစင်နေပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။
မတ် ၁၈ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင် အခြေအနေ ကတော့ မြန်မာ့ကမ်းရိုး တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အပူရှိန်မြင့်တက်နိုင်မှုကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၉ လောက် ရှိနိုင်ပြီး ကျန်တနိုင်ငံလုံးလိုလိုမှာတော့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၀ ကနေ ၁၃ လောက်ထိ မြင့်တက်နိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်(UV Index) တွေ မြင့်တက်နိုင်တဲ့အတွက် နေပူထဲမှာ အကာ အကွယ်မဲ့ သွားလာခြင်းကို တတ်နိုင်သလောက် မပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
မတ် ၁၈ ရက်နေ့အတွက် နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ဒေသနဲ့ ချင်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကနေ ၃၅ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၆ ဒီဂရီစင်တီဂရိတ်ကနေ ၄၀ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၅ ရာခိုင်နှုန်းအောက် လျော့နည်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မတ် ၁၈ ရက်နေ့အတွက် မိုးရွာသွန်းနို်င်မှုခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။
မတ် ၁၈ ရက်နေ့အတွက် မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁ မီလီမီတာမှ ၅ မီလီမီတာခန့် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ မတ် ၁၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံအရ နေပြည်တော်ရဲ့ အနောက်မြောက်ဘက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။
မတ် ၁၈ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။
မတ် ၁၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံအရ ရန်ကုန်ရဲ့ တောင်ပိုင်းမှာ တိမ်အသင့်တင့် ဖြစ်ထွန်းနေပါတယ်။
မတ် ၁၈ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၁ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။
မတ် ၁၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ မန္တလေးမြို့ရဲ့ အထက်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။
မတ် ၁၈ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။










