
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ကို စစ်အာဏာရှင်တပ်က ဇူလိုင် ၂၈ ရက် မနက်ပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့သလို နေအိမ်အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မနေ့မနက် ၁၁ နာရီဝန်းကျင်က တံတားဦးလေတပ်က ထွက်လာတဲ့ စစ်တပ်ရဲ့ ဂျက်တိုက်လေယာဉ်က မဘိမ်းမြို့ပေါ် ရပ်ကွက်တွေကို ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်သူက ပြောပါတယ်။
မဘိမ်း ဒေသခံတယောက်က “မနေ့ မနက် ၁၁ လောက်က မြို့ပေါ် ရပ်ကွက်တွေထဲကို ဗုံးကြဲသွားတာ။ လူနေရပ်ကွက်ဆိုတော့ သေတာတွေလည်း ရှိတယ်တဲ့။ မြို့ပေါ်ကလူတွေကတော့ စိုးရိမ်နေကြတာပေါ့။ ညနေပိုင်းမှာလည်း လေယာဉ်ဝဲလာတာတွေ ရှိသေးတယ်။ မဘိမ်းမှာက မိုးကုတ် တိုက်ပွဲတုန်းက မိုးကုတ်ကနေ ထွက်ပြေးကြပြီး သွားနေတဲ့သူတွေလည်း ရှိတယ်လေ။ သူတို့က ထပ်ရှောင်ရမလို ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။
မဘိမ်းမြို့နယ်ထဲမှာ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်လို့ လက်ရှိအချိန်မှာတော့ ဒေသခံတွေ စိုးရိမ်မှုမြင့်တက်နေပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်က ၂၀၂၆ ဧပြီ ၂၃ ရက်က အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့တွေထဲမှာ မဘိမ်းမြို့နယ်လည်း ပါဝင်နေသလို အခုလ ဇူလိုင် ၂၁ ရက်က အရေးပေါ်အခြေအနေအဖြစ် ဆက်လက်သတ်မှတ်ကြောင်း ကြေညာထားတဲ့ မြို့နယ်တွေထဲမှာ မဘိမ်းမြို့နယ်က ဆက်လက်ပါဝင်နေပါတယ်။










