DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးကူညီမည်ဟု အမေရိကန် ဒုနိုင်ငံခြားရေး ဝန်ကြီးပြော
DVB
·
May 14, 2022
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးကူညီမည်ဟု အမေရိကန် ဒုနိုင်ငံခြားရေး ဝန်ကြီးပြော
Donate to DVB

မြန်မာပြည်သူတွေအပေါ်ထားရှိတဲ့ သူရသတ္တိနဲ့ စွန့်လွှတ်အနစ်နာခံမှုတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ကျေးဇူးတင်ကြောင်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးကူညီမည်ဟု အမေရိကန် ဒုနိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီ ရှားမန်းက ပြောပါတယ်။

ဒါ့အပြင် အားလုံးပါဝင်ခွင့်ရှိပြီး ငြိမ်းချမ်းစည်ပင်ဝပြောတဲ့ ဒီမိုကရေစီစနစ်တခုအတွက် အမေရိကန်နိုင်ငံက အားပေးထောက်ခံသွားမယ်လို့ ကတိပြုလိုက်ပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းဟာ မေ ၁၂ ရက်က ဝါရှင်တန်မြို့တော်မှာ ဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် NUG အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ အာဏာရှင်အဖွဲ့က အကြမ်းဖက်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာတာနဲ့ အဲဒီရဲ့ အကျိုးဆက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်လာရတာကို ရှုတ်ချခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းက အကူအညီ လိုအပ်နေသူတွေဆီ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အကန့်အသတ် အတားအဆီးမရှိ ရောက်ရှိနိုင်ရေးတို့ကိုလည်း တောင်းဆိုခဲ့ကြတယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အာဏာသိမ်း စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းမှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်အစိုးရရဲ့ ခိုင်ခိုင်မာမာ အားပေးထောက်ခံမှုနဲ့ မြန်မာနိုင်ငံကို အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ ငြိမ်းချမ်းစွာ ဆောင်ရွက်နေကြသူတွေ အားလုံးကို ဆက်လက်အားပေး ထောက်ခံသွားမယ့် ကတိကဝတ်တို့ကို အလေးပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဆီယံခေါင်းဆောင် အများစုက အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ရောက်ရှိနေကြတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ကြဖို့ တွန်းအားပေးရာမှာ အမေရိကန်က အာဆီယံနဲ့ တခြားသော မိတ်ဘက်တွေနဲ့အတူ ဆက်လက်ပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်ကလည်း အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးတဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုကို ဆက်လက်အားပေး ထောက်ခံသွားမယ်လို့ ပြောထားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိတဲ့အတွက် အာဆီယံရဲ့ ထိပ်တန်းအဆင့် အစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင်ကို ပါဝင်တက်ရောက်ခွင့် မပေးဘဲ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိုယ်စားလှယ်တွေကိုသာ ဖိတ်ကြားဖို့ ဆုံးဖြတ်တဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အားပေးထောက်ခံတယ်လို့လည်း ဆိုပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ HRW ကတော့ အမေရိကန်အနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ တွေ့ဆုံရာမှာ ပွင့်ပွင့်လင်းလင်း၊ တည့်တည့်မတ်မတ်နဲ့ လူသိရှင်ကြား ပြောဆိုသင့်ကြောင်း၊ လက်ရှိ နှစ်ကာလတွေအတွင်း အာဆီယံနိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးမြင့်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာလည်း စစ်အာဏာသိမ်း ဆန့်ကျင်သူတွေ၊ တိုင်းရင်းသားလူမျိုးစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း ပြောထားပါတယ်။

ဒါ့အပြင် အာဆီယံဒေသတွင်းက အာဏာသုံး အုပ်ချုပ်ရေး ကြီးထွားလာနေတာဟာ လူ့အခွင့်အရေး ကာကွယ်မှုတွေအပေါ် တရုတ်အစိုးရရဲ့ နှောင့်ယှက်ဟန့်တားမှုတွေ ပိုမိုကြီးထွားလာနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာအကြမ်းဖက်စစ်တပ်နဲ့ ဆက်နွှယ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဆိုင်ရာ အထောက်အထားတွေ ရှိတဲ့ ကုမ္ပဏီ ၅၆ ခုကို ယူကေအခြေစိုက် ဘားမားကမ်ပိန်းအဖွဲ့က ထပ်မံ အမည်ပျက်စာရင်း သွင်းလိုက်တဲ့အတွက် အမည်ပျက်စာရင်း သွင်းခံထားတဲ့ နိုင်ငံတကာကုမ္ပဏီပေါင်း ၁၇၂ ခုထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013