DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့နယ်က အိမ်ခြေ ၄၀၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့၊ ဒေသခံသောင်းချီ ထွက်ပြေးနေရ
DVB
·
May 13, 2022
ရွှေဘိုမြို့နယ်က အိမ်ခြေ ၄၀၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့၊ ဒေသခံသောင်းချီ ထွက်ပြေးနေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အရှေ့တောင်ဘက်ရှိ ဂွေးပင်ကုန်းရွာ၊ သဲကျွန်းရွာနဲ့ ရွာသစ်ကုန်း ကျေးရွာ‌တွေကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မေ ၁၂ ရက် မနက်ပိုင်းမှာ မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၄၀၀ လောက် မီးလောင်ပြာကျခဲ့ပြီး ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မနေ့ည (မေ ၁၁) က စကစတပ်ဖွဲ့က စစ်သား ၂၀၀ လောက် ဂွေးပင်ကုန်းကို ဝင်တယ်။ ဒီမနက် ၈ နာရီဝန်းကျင်မှာ မီးရှို့တယ်။ အခု အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ သဲကျွန်းရွာကို မီးရှို့နေပြန်ပြီ။ လေကတိုက်နေတာ ဂွေးပင်ကုန်း အိမ်ခြေ ၂၀၀၊ သဲကျွန်း အိမ်ခြေ ၁၀၀၊ ရွာသစ်ကုန်း အိမ်ခြေ ၁၀၀ မီးလောင်လို့ကုန်ပြီ" လို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရေတဲ့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားတွေက ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲဝင်ပြီး မီးရှို့ဖျက်ဆီးကာ ရွာထဲကပစ္စည်းတွေ ခိုးယူနေကြတာ ၁ ပတ်ကျော်ရှိပြီလို့ သိရပါတယ်။

ရွှေဘိုမြို့နယ်ထဲက ကုလားမရွာ၊ လက်ကောက်ကျရွာ၊ ဟင်္သာကြီးရွာ၊ မခေါက်ရွာ၊ မန်ကျည်းသုံးပင်ရွာ၊ ပုလဲသွယ်ရွာ၊ စခန်းသာရွာ၊ ဂွေးပင်ကုန်းရွာ၊ ရွှေကျင်ရွာ၊ ရွာသစ်ကုန်း‌ကျေးရွာ အစရှိတဲ့ ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ရွာသူရွာသား လူဦးရေ သောင်းဂဏန်းလောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလအတွင်း စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန် ရွှေဘိုမြို့ အမှတ် ၄ ရပ်ကွက်ရှိ စည်ပင်သာယာဈေး မီးလောင်ကျွမ်းတာဟာ စစ်ကောင်စီ အပေါင်းပါတွေရဲ့လက်ချက် ဖြစ်တယ်လို့ ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့က ၂၀၂၁ မေ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ ကျေးရွာတွေကို မီးရှို့တာ သူတို့တပ်ဖွဲ့ဝင်တွေမဟုတ်ကြောင်း အမြဲလိုလို ငြင်းဆိုလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013