DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်နှင့်ဘုတလင်မြို့တို့တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
DVB
·
May 13, 2022
ယင်းမာပင်နှင့်ဘုတလင်မြို့တို့တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပြန်လှည့်ကျေးရွာကို မေ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ သောင်းချီ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေအတွင်းကို ဝင်ရောက်ခဲ့ပြီး ပြန်လှည့်ကျေးရွာ မြောက်ဘက်ပိုင်းအရောက်မှာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြန်လှည့်ကျေးရွာနေ အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦး သေနတ်ကျည်ထိမှန်ခံခဲ့ရကာ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြန်လှည့်ကျေးရွာကနေ ထွက်ခွာသွားခဲ့ပြီး သီးကုန်းကျေးရွာဘက်ကို ဝင်ရောက်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် သီးကုန်းကျေးရွာအနီးမှာ PDF ပူးပေါင်းအဖွဲ့စုံရဲ့ တိုက်ခိုက်ခံခဲ့ရပြီး သီးကုန်းမှတဆင့် ကန်သာ လက်ပန်တော(လက်ပတော)ကနေ ကျွန်းတောလေးဘက်ကို ဆက်ထွက်သွားတယ်လို့ ဘိုသူရိန် PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်မှုအခြေအနေ လတ်တလောမသိရသေးဘဲ PDF အဖွဲ့ဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ အင်ကြင်းတောင်တောရဘုန်းကြီးကျောင်းမှာ မေ ၁၁ ရက်ညပိုင်းက စခန်းချညအိပ်ရပ်နားခဲ့ပြီး ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသတွေကို သွားလာလှုပ်ရှားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက  PDF အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာတွေကြောင့် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာကြောင့် အခုလို ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မြို့ပေါ်ရွာလည်း ပြည်သူတဦးကို စစ်ကောင်စီက မေ ၁၁ ရက်နေ့က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်တပ်ဟာ ကုန်းသာ၊ ကံသာ၊ အောင်ချမ်းသာ၊ ရုံတော၊ ထနှောင်းကုန်းရွာကနေ မြို့ပေါ်ရွာကို ဝင်လာတာလို့ ဆိုပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက “ရွာကို ဝင်တာက မေ ၁၁ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်လာတယ်။ ရွာက လုံခြုံရေးကင်းတွေက ‌ရှောက်ကြဖို့ အကြိမ်ကြိမ်အသိပေးတာတွေလုပ်တယ်။ အခုအသတ်ခံရတဲ့သူက မပြေးဘဲနေရင်း စစ်ကောင်စီလာမှ ထွက်ပြေးလို့ စစ်ကောင်စီက ပစ်သတ်လိုက်တယ်။ မေ ၁၂ ရက်နေ့ကတော့ သူမိန်းမက စစ်ကောင်စီ အလစ်ဝင်ကြည့်တော့ သူတို့ နေအိမ်အနီးမှာ မှောက်လျက်သား သေနေတာကို တွေခဲ့ရတယ်။ မိန်းမသားဆိုတော့ အလောင်းလည်း မသယ်နိုင်ဘူး။ စစ်ကောင်စီကလည်း ရွာထဲကမထွက်သေးတော့ ဒီအတိုင်းပဲ ပစ်ထားခဲ့ရတယ်လို့ သူမိန်းမက ကျနော်တို့ကို ပြန်ပြောပြတယ်ဗျ” လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် ကိုဇော်ဝင်စန်းဖြစ်ပြီး မြို့ပေါ်ရွာရဲ့ ကျေးရွာအစွန်ပိုင်းမှာ နေထိုင်ပြီး ဇနီးနဲ့ သားနှစ်ယောက်ကျန်ရှိခဲ့ပါတယ်။  သေဆုံးသူဟာ တောင်သူလုပ်ငန်းကို လုပ်ကိုင်တဲ့ သာမန်အရပ်သားတဦးဖြစ်ပြီး တော်လှန်ရေးနဲ့ ဘာမှ ပက်သက်တာ မရှိဘူးလို့ အဆိုပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။

ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာဟာ အိမ်ခြေ ၄၅၀ ကျော်ရှိ ကျေးရွာတရွာဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013