DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမည့် ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေး ဆွေးနွေး
DVB
·
May 12, 2022
ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမည့် ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေး ဆွေးနွေး
Donate to DVB

ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ရည်ရွယ်တဲ့ ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေး ဒုတိယအဆင့် တွေ့ဆုံ ဆွေးနွေးပွဲကို  မေလ ၉ ရက်မှ ၁၂ ရက်အထိ  ၄ ရက်တာ ကျင်းပပြီးစီးသွား ပြီဖြစ်ပါတယ်။

ဒီအစည်းဝေးဟာ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ လူမျိုးစုတွေ သဘောတူလက်ခံနိုင်တဲ့ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခြေခံရမယ့် အခြေခံမူနဲ့ ဖက်ဒရယ်မူရရှိရေး၊ ရှမ်းပြည်ကိုယ်စားပြုနိုင်ငံရေးစုပေါင်းဦးဆောင်မှုဖွဲ့စည်းနိုင်ရေး ၊ ရှမ်းပြည်ထဲက လူမျိုးစုတွေ သဘောတူလက်ခံတဲ့ အခြေခံမူနဲ့ဖက်ဒရယ်မူကို စုပေါင်းအကောင်အထည်ဖော်နိုင်ရေး  စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပတဲ့ အစည်းအဝေးတရပ်ဖြစ်ပါတယ်။ 

ဒီတခေါက်ပြီးစီးသွားတဲ့ တွေ့ဆုံဆွေးနွေးပွဲကို ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေးတွေ့ဆုံဆွေးနွေးပွဲ ဒုတိယအဆင့်လို့ ခေါ်ဆိုပြီး ရှမ်းပြည်နယ်ရှိ  တိုင်းရင်းသားလူမျိုးစုတွေ သံဃာတော်နဲ့ အရပ်ဖက် အဖွဲ့အစည်းကပုဂ္ဂိုလ်တွေ စုစုပေါင်း ၁၁၃ ဦး တက်ရောက်ဆွေးနွေးခဲ့ပါတယ် ။ 

အွန်လိုင်းပေါ်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ ပအိုဝ်း၊ ပလောင်၊ ဓနု ၊ အင်းသား၊ ကိုးကန့်၊ လီစူး၊ အခါ၊ တောင်ရိုး၊ လားဟူ၊ ကယန်း၊ ရှမ်း နဲ့ ဝ အစရှိသော ရှမ်းပြည်အရေးစိတ်ပါဝင်စားပြီး မိမိအသိုင်းအဝိုင်း ကောင်းကျိုးအတွက်တက်ကြွလှုပ်ရှားဆောင်ရွက်နေသူ၊ လူမျိုးစုထဲက ထင်ရှား တဲ့သူ လူပုဂ္ဂိုလ်နဲ့ သံဃာတော်တွေ၊ ဥပဒေရေးရာကျွမ်းကျင်သူတွေ ပါဝင်တယ်လို့  ညီလာ ခံဖြစ်မြောက်ရေးဆွေးနွေးပွဲ ပြောခွင့်ရ ဒေါက်တာ နန်းဆိုင်ဟောင်က ဒီဗွီဘီကို ပြောပါတယ်။ 

“ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေးအတွက် ကျမတို့ ဆွေးနွေးနေတာ အဆင့် ၄ ဆင့်ရှိပါတယ်။ ပထမအဆင့်မှာ ရှမ်းလူမျိုးတွေချည်းပါပဲ။ ဒုတိယဆင့်မှာ ရှမ်းပြည်က တိုင်းရင်းသားအားလုံး ပါဝင်တယ်။ တတိယဆင့်မှာ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်အဖွဲ့တွေပါ ပါဝင်မယ်။ စတုတ္ထ ဆင့်ကတော့  အားလုံးပါဝင်တဲ့ ရှမ်းပြည်ညီလာခံကြီးကျင်းပဖို့ဖြစ်ပါတယ်။ အဲဒီညီလာခံကြီးကနေ ရှမ်းပြည်အတွက်အင်မတန်အရေးကြီးတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ချမှတ်ဖို့ ဖြစ်ပါတယ်။ ”

ပထမအဆင့် ရှမ်းလူမျိုးချင်းနားလည်မှုရပြီးတဲ့အခါမှ ဒုတိယဆင့် ရှမ်းပြည်တွင်းရှိ တိုင်းရင်းသားတွေထဲက ပါဝင်သင့်ပါဝင်ထိုက်သူတွေကို ဖိတ်ခေါ်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးနဲ့လက်နက်ကိုင်အဖွဲ့အစည်းထဲက မဟုတ်သလို  သက်ဆိုင်ရာလူမျိုးစုတွေက ရွေးချယ်စေလွှတ်တဲ့ ကိုယ်စားလှယ်မဟုတ်သေးဘဲ  လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့သာ ပါဝင်လာကာ တတိယအဆင့်နိုင်ငံရေးဆွေးနွေးပွဲမတိုင်ခင် ရှမ်းပြည်လူထုရဲ့အသံကို ဖော်ထုတ်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ဆိုပါတယ်။ 

ရှမ်းပြည်ညီလာခံဟာ ဘက်ပေါင်းစုံက အင်အားတွေစုပေါင်းပါဝင်ခြင်းဖြင့် ယုံကြည်မှု တည်ဆောက်ဖို့၊ စည်းလုံးညီညွတ်မှုဖော်ဆောင်ဖို့နဲ့ ရှမ်းပြည်ထဲကပြဿနာတွေကို ဆွေးနွေး အဖြေရှာဖို့ ဆုံရပ်လည်းဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်ကိုယ်စားပြုနိုင်ငံရေးစုဖွဲ့မှုတစ်ရပ် ပေါ်ထွန်းလာရေး ရည်ရွယ်ထားတဲ့ အလျှောက် ရှေ့ဆက်ဆောင်ရွက်သွားမယ့်အဆင့်တွေမှာ ဘက်ပေါင်းစုံပါဝင်လာဖို့ ရှမ်းပြည်ထဲက လူမျိုးပေါင်းစုံ ၊အလွှာအဆင့်အသီးသီး ၊ အဖွဲ့အစည်းတွေကို ရှေ့ဆက်လာမယ့် ဆွေးနွေးပွဲအဆင့်တွေမှာ ပါဝင်နိုင်ဖို့  ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေးကော်မတီက ဖိတ်ခေါ်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013